ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

 

လာအိုနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်ရးမှုကြောင့် ဂူအတွင်းရေဝင်ကာ ပိတ်မိနေသည့် ရွှေတူဖော်ရေးအလုပ်သမား ခုနှစ် ဦးကို ယမန်နေ့ မေ ၂၇ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အသက်ရှင်ကျန်ရစ်သူ ခုနှစ်ဦးစလုံးကို ရှာဖွေတွေ့ရှိပြီဖြစ်သော်လည်း ရာသီဥတုအခြေအနေနှင့် ဂူအတွင်းဝင်ရောက်ရန်ခက်ခဲမှုများကြောင့် ၎င်း တို့ကိုကယ်ထုတ်ရန် ခက်ခဲနေသေးကြောင်း ကယ်ဆယ်ရေးသမားများက ပြောဆိုခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီနိုင်ရန် လာအိုအစိုးရက ထိုင်းမှ Metta Than Rescue အဖွဲ့ကိုလည်း ဖိတ်ခေါ်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းမှ ထုတ်ပြန်သည့် ဗီဒီယိုမေားအရ အသက်ရှင်ကျန်ရစ်နေသူများမှာ ထိခိုက်ဒဏ်ရာရထားခြင်း မရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေ ၁၉ ရက်နေ့မှ စတင်ခဲ့သည့် ဂူအတွင်းပိတ်မိခဲ့သည့်ဖြစ်စဉ်တွင် ရေကြီးရေလျှံခြင်း၊ မိုးဆက်တိုက်ရွာသွန်းခြင်း၊ ကျဉ်းမြောင်းသည့်ဥမင်လှိုင်ခေါင်းများ၊ လေထုညစ်ညမ်းခြင်း စသည့်အန္တရာယ်ရှိသည့်အခြေအနေများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များမှာ ရှုပ်ထွေးနှောင့်နှေးနေရကြောင်းလည်း သိရသည်။

 

Metta Than Rescue အဖွဲ့အပြင် ၎င်းတို့နှင့်အတူ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ချင်းရိုင်ဒေသတွင် ရေကြီးနေသည့် ဂူအတွင်း ၁၈ ရက်ကြာပိတ်မိနေသည့် ကလေးငယ်များကို ကယ်တင်ရာတွင်ပါဝင်ခဲ့သည့် ရေငုပ်သမား နှစ်ဦးကလည်း ယခုလာအိုဂူပိတ်မိသည့်ဖြစ်စဉ်တွင် လာရောက်ကူညီပေးခဲ့ကြကြောင်းလည်း သိရသည်။

 

ကိုးကား – Khaosod English၊ Bangkok Post