ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထူးခြားသော ရွှေဝါရောင်အမွှေးအမျှင်များကြောင့် “ဒေါ်နယ်ထရမ့်” ဟု အမည် ပြောင်ပေးထားသည့် ရှားပါးအယ်လ်ဘီနိုကျွဲဖြူတစ်ကောင်သည် ကုရ်ဘာနီအိဒ် ပွဲတော်တွင် လှူဒါန်းခံ ရမည့်အခြေအနေမှ လွတ်မြောက်ခဲ့ပြီး မြို့တော်ဒါကာရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ ထိန်းသိမ်းတော့မည်ဖြစ်ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
ကိုယ်အလေးချိန် ကီလိုဂရမ် ၇၀၀ နီးပါး (၁,၅၄၃ ပေါင်) ရှိသည့် အဆိုပါ ကျွဲဖြူအား အိဒ်ပွဲတော်တွင် ကုရ်ဘာနီပြုလုပ်ရန်အတွက် ဝယ်ယူသူတစ်ဦးထံသို့ ရောင်းချပြီးဖြစ်သော်လည်း အစိုးရက နောက်ဆုံး အချိန်၌ ကြားဝင်ဆောင်ရွက်ကာ ဘေးမဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ယမန်နေ့ ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့သည်။
အဆိုပါ ကျွဲဖြူနှင့် ပတ်သက်၍ ပြည်သူများအကြား စိတ်ဝင်စားမှု အလွန်မြင့်တက်လာခဲ့ပြီးနောက် လူအုပ်စုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုများကို အကြောင်းပြ၍ အာဏာပိုင်များက ကြားဝင်တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကျွဲအား ကုရ်ဘာနီပြုလုပ်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန်၊ ဝယ်ယူသူအား ငွေပြန်အမ်းရန်နှင့် တိရစ္ဆာန်ကို ဒါကာမြို့ရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟွတ်ဒင် အာမက် ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောက်ဆုံးအချိန်ကျမှ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုတွေနဲ့ ပြည်သူတွေရဲ့ ထူးထူးခြားခြား စိတ်ဝင် စားမှုတွေကြောင့် ဒီကျွဲကို ကုရ်ဘာနီခြင်းကနေ ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဆိုသည်။
အိဒ်ပွဲတော်အတွက် ပုံမှန်ဝယ်ယူမှုတစ်ခုအဖြစ် စတင်ခဲ့ရာမှ “ဒေါ်နယ်ထရမ့်” အမည်ရ အဆိုပါ ကျွဲဖြူလေး၏ ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိတ်ဝင်စားဖွယ်ရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ရွှေဝါရောင်အမွှေးအမျှင်များနှင့် တည်ငြိမ်သည့် ၎င်း၏ အမူအရာကို ကြည့်ရှုရန် ဝေးလံသောဒေသ အသီးသီးမှ ရောက်လာကြသူများအပါအဝင် လူအုပ်ကြီးသည် မွေးမြူရေးခြံသို့ စုပြုံရောက်ရှိလာခဲ့ ကြသည်။ ခြံပိုင်ရှင် ဇီယာအွတ်ဒင်မရီဒါ ၏ညီဖြစ်သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုပ်ချင်းဆင်တူသည်ကို သတိပြုမိပြီးနောက် ယခုကဲ့သို့ အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ တိရစ္ဆာန်သည် ထူးထူးခြားခြား ယဉ်ပါးပြီး မကြာခဏ အစာကျွေးခြင်းနှင့် ပုံမှန်ရေချိုး ပေးခြင်းတို့အပါအဝင် ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း မရီဒါက ဖြည့်စွက် ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမည်းရောင်ရှိသော ကျွဲနွားအများစုသာရှိပြီး အယ်လ်ဘီနိုကျွဲများသည် ရှားပါး လှသဖြင့် အိဒ်ပွဲတော်၏ ကျွဲနွားအရောင်းအဝယ်အကောင်းဆုံး ရာသီတွင် ထင်ပေါ်ကျော်ကြားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏အသက်ကို ကယ်တင်နိုင်ခဲ့သည်မှာ အဆိုပါအမည်ပြောင်ကြောင့် ဖြစ်နိုင်ခြေရှိကြောင်း ဖော်ပြထားသည်။
ကိုးကား – ရိုက်တာ
Ref : Viral fame spares Donald Trump buffalo fromEid sacrifice in Bangladesh