ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
အာဏာသိမ်းပြီး ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ဖန်တီးရယူထားသော ရွေးတု သမ္မတ အဖြစ် ပထမဆုံးသွားရောက်မည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် ယနေ့ မေ ၂၈ ရက်တွင် နယူးဒေလီရောက် မြန်မာနိုင်ငံသားများက ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို Burma House-New Delhi က ဦးဆောင်၍ နယူးဒေလီမြို့ရှိ Jantar Mantar တွင် ယနေ့ မေ ၂၈ ရက် နေ့လယ်ပိုင်းတွင်လည်းကောင်း၊ ယင်းမြို့ရှိ မြန်မာသံရုံးရှေ့တွင် လာမည့် မေ ၃၀ ရက်တွင် လည်းကောင်း ပြုလုပ်သွားရန် အိန္ဒိယရဲတပ်ဖွဲ့ထံသို့ တရားဝင် ခွင့်ပြုချက် တင်ပြတောင်းဆို ထားကြောင်း သိရသည်။
ရွေးတုသမ္မတ လက်အောက်ခံ အကြမ်းဖက် စစ်တပ်သည် မြန်မာနိုင်ငံသားများအပေါ် ရက်စက်စွာ သတ်ဖြတ်မှု၊ ဖိနှိပ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသဖြင့် မြန်မာပြည်သူများ ကိုယ်စား ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်သွားရန် ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် လူသိများပြီး ဒီမိုကရေစီ တန်ဖိုး များနှင့်အတူ ဆက်လက်ရပ်တည်ကာ အိမ်နီးချင်းနိုင်ငံများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံ သွားမည်ဟုလည်း မျှော်လင့်ကြောင်း Burma House-New Delhi က ထုတ်ပြန်ဖော်ပြထားသည်။
ယင်းအတူ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ယဉ်ကျေးမှုအရ အလွန်ကောင်းမွန်သော ဆက်ဆံရေးများရှိပြီး ယခုငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ခွင့်ပြုခြင်းသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်နှင့် ဒီမိုကရေစီမူများအပေါ် အိန္ဒိယ၏ ကတိကဝတ်အား ထင်ဟပ်စေလိမ့်မည်ဟု ယုံကြည် ကြောင်း ဆိုသည်။
နယူးဒေလီမြို့ရောက် မြန်မာစစ်ဘေး ဒုက္ခသည်များသည်လည်း အာဏာသိမ်း ရွေးတုသမ္မတ၏ မတရားဖိနှိပ်ရက်စက်မှုများကြောင့် မိခင်မြန်မာနိုင်ငံကို စွန့်ခွာ၍ စစ်ဘေးဒုက္ခသည်အဖြစ် ခက်ခဲ ပင်ပန်းစွာ ရပ်တည်နေရပြီး နွေဦးတော်လှန်ရေး အောင်မြင်မှသာလျှင် ထိုအခက်အခဲများ ကျော်လွှား နိုင်မည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးတုသမ္မတ၏ ယင်းခရီးစဉ်ကို လာမည့် ဇွန်လအတွင်း သွားရောက်ရန် စီစဉ်နေသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် Zee Media Corporation Ltd ၏ WION သတင်းဌာနက ဖော်ပြရာမှ သတင်းများ ပျံ့နှံ့လာခြင်း ဖြစ်သည်။
လတ်တလော သတင်းများအရ ရွေးတုသမ္မတအဖြစ် ပထမဆုံး သွားရောက်မည့် အိန္ဒိယခရီးစဉ်သည် လာမည့်ဇွန်လအတွင်း ဖြစ်သည်ဟု ဆိုသော်လည်း ယင်းအခြေ အနေနှင့် ပတ်သက်၍မူ လက်ရှိအချိန်အထိ နှစ်ဖက်စလုံးမှ တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပေ။
ဓာတ်ပုံ -လူမှုကွန်ရက်