ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
လက်ရှိကျောင်းအပ်နှံရေးရာသီတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ အထွေထွေစီးပွားရေးကျပ်တည်းမှု များကြောင့် မိဘများအနေဖြင့် မိမိတို့၏ ကျောင်းနေရွယ် ကလေးငယ်များ ကျောင်းတက်ရောက် နိုင်ရေးနှင့် ကျောင်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အသေးစားငွေချေးလုပ်ငန်းများထံမှ အတိုးဖြင့် ငွေချေးယူမှုများ အဆမတန်များပြားနေကြောင်း သိရသည်။
ရွေးတုအစိုးရ၏ ပညာရေးဝန်ကြီးဌာနသည် မေ ၂၅ ရက်မှ ၃၁ ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကာ အသက် ၅ နှစ်အရွယ် ကလေးငယ်များကို သူငယ်တန်း (KG) နှင့် အသက် ၆ နှစ်အရွယ် ကလေးငယ်များကို ပထမတန်း (Grade 1) သို့ ကျောင်းအပ်နှံကြရန် နှိုးဆော် ထားပြီး မိဘများ မှာ ကျောင်းအပ်ရာသီအတွက် ငွေကြေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်နှံရေးအပြင် အဖြူအစိမ်းကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်နှင့် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အသေးစားအလတ်စား ငွေချေးလုပ်ငန်းတစ်ခု ထံမှ ကျပ်သိန်း ၃၀ အား ခြောက်လသက်တမ်းဖြင့် ချေးယူခဲ့ရကြောင်း မန္တလေးမြို့ရှိ ကျောင်းသားမိဘ တစ်ဦးထံမှ သိရသည်။
“ကျောင်းတက်ဖို့အတွက် လိုအပ်တာတွေ အကုန်ဝယ်ရတယ်။ ပိုက်ဆံက တစ်လုံးတစ်ခဲတည်း ကုန်မှာ ဆိုတော့ ချေးငွေယူရတာပါ။ ချေးတဲ့သူများတယ်၊ ငွေချေးယူတဲ့အချိန်မှာပဲ အရင်းနဲ့ အတိုးပါ တစ်ခါ တည်း ဖြတ်ပေးရပြီး အတိုးနှုန်းက နှစ်ကျပ်ခွဲတိုးပါ။ အစိုးရကျောင်းတွေက ကျောင်းလခ မပေးရဘူး ဆိုပေမယ့် တခြားအထွေထွေ ကုန်ကျ စရိတ်တွေက အများကြီးရှိတော့ ပိုက်ဆံချေးပြီး ကလေး လိုအပ် တာ အကုန်ဝယ်ထားပေးလိုက်ရတယ်” ဟု ကျောင်းသားမိဘက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် စတင်ဖြစ်ပေါ်လာသည့် အထွေထွေအကျပ်အတည်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် ယခင်က ကျောင်းလခ လစဉ်ပေးရသော ကိုယ်ပိုင်ကျောင်းများတွင် ထားရှိနိုင် သည့် မိဘများသည်ပင်လျှင် ယခုအခါ ငွေကြေးတတ်နိုင်ခြင်းမရှိ၍ ရွေးတုအစိုးရ လက်အောက်ခံ ကျောင်းများသို့ ပြန်လည်ပြောင်း ရွှေ့ ထားရှိနေရကြောင်း သိရသည်။
“အရင်က ကလေးကို ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ထားတာ။ တစ်လကျောင်းလခက တစ်သိန်းခွဲနဲ့ ကျောင်းကားခ တစ်သိန်းကျော်ပဲ ကုန်တယ်။ အခုကျတော့ ကျောင်းလခက နှစ်သိန်းကျော်၊ ကျောင်းကား ခက နှစ်သိန်းဖြစ်လာပြီ။ အခုခေတ်ရတဲ့လစာနဲ့ မထားနိုင်တော့လို့ ကိုယ့်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ် ကျောင်း(ရွေးတုအစိုးရကျောင်း)ပဲ ပြောင်းထားတော့မယ်”ဟု တောင်ဒဂုံမြို့နယ်ရှိ ကျောင်းသားမိဘ တစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ – MOI