ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း ရွေးတုအစိုးရတပ်နှင့် မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွတ်ပြည်သူ့စစ်တို့ ပူးပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများထံမှ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်၊ ငွေကြေးနှင့် အဖိုးတန်ကျောက်မျက်ရတနာများကို အဓမ္မလုယူနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါ ရွေးတုတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် လုံးခင်းကျေးရွာနှင့် နန့်မဖြစ်ကျေးရွာရှိ ရုပ်ရှင်ရုံဟောင်းတွင် တပ်စွဲထားပြီး၊ လုံခြုံရေးအရ စစ်ဆေးသည်ဟု အကြောင်းပြကာ ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို တားဆီးစစ်ဆေးပြီး လုယူနေခြင်းဖြစ်သည်။

“လုံခြုံရေး စစ်တာမဟုတ်ဘဲ ဓားပြတိုက်သလို ဖြစ်နေတာ။ ပါလာသမျှ ဖုန်းတွေ၊ ပိုက်ဆံတွေ၊ ကျောက်စိမ်းတွေကို အကုန်သိမ်းတာ၊ အဓိက မင်းဇေသန့်ရဲ့ ဝါရာဇွတ်အဖွဲ့က ပိုဆိုးတယ်။ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေအထိလုပ်ပြီး ထင်ရာစိုင်းနေကြတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ စစ်ဆေးရာတွင် ပါလာသမျှ အဖိုးတန်ပစ္စည်းများကို အကုန်အစင် သိမ်းယူနေသည့်အတွက် ဒေသခံပြည်သူများမှာ အသက်အန္တရာယ်နှင့် ပစ္စည်းဆုံးရှုံးမည့်အရေးကို စိုးရိမ်ပြီး သွားလာရေး အခက်အခဲဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လုနီးပါး ဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။
ထို့ပြင် ရွေးတုတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် လုံးခင်းအနီးရှိ မော်စီဇာကျေးရွာအတွင်းသို့လည်း တစ်အိမ်တက်ဆင်း ဝင်ရောက်မွှေနှောက်ကာ ဒေသခံပြည်သူပိုင် မော်တော်ကား များကိုလည်း အဓမ္မလိုက်လံတောင်းယူနေကြောင်း သိရသည်။
ဖားကန့်ဒေသတွင် ရွေးတုအစိုးရတပ်နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် စစ်ရေးအရ အရေးနိမ့်လာမှုများနှင့်အတူ လမ်းပိုင်းဆိုင်ရာ စိုးမိုးမှုရယူရန် ကြိုးပမ်းနေပြီး၊ ဒေသခံများအား ပစ်မှတ်ထားကာ ငွေညှစ်ခြင်း၊ ပစ္စည်းလုယက်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေကြခြင်းဖြစ်သည်။
ဓာတ်ပုံ- ဝါရာဇွတ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်