ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကလေးငယ်များကို နှိပ်စက်ညှင်းပန်းကာ ပစ္စည်းများအတင်းအဓမ္မ ရောင်းချခိုင်းသည့် မြန်မာနိုင်ငံသား သုံး ဦးကို ယနေ့ မေ၂၇ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများမှာ ကလေးငယ်များအား နေ့စဉ် နေ့လယ် ၃ နာရီမှ နံနက် ၃ နာရီအထိ ဘန်ကောက်ရှိ လူစည်ကားရာ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးလုပ်ငန်းနေရာများတွင် ပန်းများနှင့် မုန့်များကို လှည့်လည်ရောင်းချခိုင်းခဲ့ကြခြင်း ဖြစ်သည်။

ကလေးငယ်များအနေဖြင့် သတ်မှတ်ထားသည့် ရောင်းအားမပြည့်မီပါက ဝိုင်းဝန်းရိုက်နှက်ခြင်းနှင့် အစာငတ်ခံ ညှင်းပန်းနှိပ်စက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက ခိုင်းစေသူများ၏ နေအိမ်ကိုစီးနင်းမှုအတွင်း လက်မောင်းကျိုးဒဏ်ရာရရှိထားသည့် အသက် ၆ နှစ်အရွယ် ကလေးငယ်နှင့် အခြားကလေးငယ် ငါး ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပြီး ၎င်းကလေး ငယ်များမှာ မြန်မာနိုင်ငံမှ လူနည်းစုတိုင်းရင်းသားကလေးငယ်များဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရားခံ သုံး ဦးမှာ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား – Bangkok Post
Ref; Myanmar gang arrested for child labour abuses in Bangkok