ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့မှုကို နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုသက်သက်သာဖြစ်ကြောင်း ဖော်ပြ၍ ၎င်းတို့သာလျှင် တရားဝင် “အရပ်သားအစိုးရ” ဖြစ်သည်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EROs) များအား ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးသွားရန် စစ်ခေါင်းဆောင်အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ခြိမ်းခြောက်၍ ဖိတ်ခေါ်နေကြောင်း သိရသည်။

ရွေးတုသမ္မတသည် နေပြည်တော်၌ ယမန်နေ့ မေ ၂၆ ရက်က ပြုလုပ်သော ရွေးတုအစိုးရအဖွဲ့ အစည်းအဝေးတွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံရေးအရ ဖြစ်ပေါ် ပြောင်းလဲမှုများကို ခိုင်ခိုင်မာမာ လုပ်ဆောင်ပေးထားပြီး ဖြစ်သောကြောင့် တော်လှန်ရေး အင်အားစုများ အနေဖြင့် သဘောထားကွဲလွဲရန် အကြောင်းမရှိတော့ကြောင်း ပြောကြားသည်။

ရွေးတုသမ္မတက ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးခြင်းများကို အပြီးသတ် ဆောင်ရွက် သွားနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ ERO အဖွဲ့အချို့၏ အောက်ခြေအဆင့်များနှင့် ထိတွေ့မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကိုလည်း ပညာရေးအားနည်းချက်ကြောင့် ပေါ်ပေါက် လာရခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေး၍ ဝေဖန်စွပ်စွဲခဲ့သည်။

သို့သော်လည်း မြေပြင်လက်တွေ့တွင်မူ ရွေးတုအစိုးရသည် ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိတော့သည့် နယ်မြေဒေသအများအပြားကို စစ်အုပ်ချုပ်ရေးတိုးမြှင့်ထုတ်ပြန်ကာ ခုခံတော်လှန်နေသော EROs နှင့် PDF များကို စစ်ကြောင်းထိုးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း စသည့် စစ်ရေးတိုးမြှင့် တိုက်ခိုက်မှုများ ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးတုအစိုးရအမည်ခံ စစ်အုပ်စုသည် အပြစ်မဲ့ အရပ်သား ပြည်သူများကို ဖမ်းဆီးခြင်း၊ ပြည်သူ့နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကိုပါမကျန် လေကြောင်းမှ ဗုံးကြဲဖျက်ဆီးမှုများ လုပ်ဆောင်နေသဖြင့် တစ်နိုင်ငံ လုံးတွင် စီးပွားရေးနှင့် ပညာရေးကဏ္ဍများ နိမ့်ကျပျက်စီးလာခဲ့ရကြောင်း ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။

ခုခံတော်လှန်ရေးအင်အားစုများဖြစ်သည့် EROs နှင့် PDF များကလည်း အတုအယောင် ရွေးကောက်ပွဲ မှတစ်ဆင့် ဖန်တီးရယူထားသည့် ရွေးတုအစိုးရ၏ “မီးစတစ်ဖက် ရေမှုတ်တစ်ဖက်” ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် လက်ခံမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်၍ ပြည်သူ့အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တုံ့ပြန်ထားသည်။

ထိုသို့ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများ ရှိနေသော်လည်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်လျက်၊ လာမည့် ၆ လတာ သက်တမ်းအတွင်း လုပ်ဆောင်ရန်ရှိသည့် ကိစ္စရပ်များကို တိုးတက်အောင် ဆောင်ရွက်သွားရန် လက်အောက်ခံ ရွေးတု အစိုးရအဖွဲ့ဝင်များကို ညွှန်ကြားခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – MOI