‎ဧရာဝတီတိုင်းမ်
‎မေ ၂၇ရက်

‎ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံပြည်သူ သုံး ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော် (ULA/AA) နှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း ယမန်နေ့ မေ ၂၆ ရက်စွဲဖြင့် ULA က ထုတ်ပြန်သည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရီဘန်ခရိုင် (ရခိုင်အခေါ် ရွာတော်ခရိုင်)၊ နိတ်ခေါင်ချာရီ မြို့နယ် (ရခိုင်အခေါ် နတ်ကျောက်ဆရီမြို့နယ်) တွင် ‎ပြီးခဲ့သည့် မေ ၂၄ ရက်၊ နံနက် ၁၁ နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးအနားတွင်တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအပြစ်မဲ့ ပြည်သူ သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အပေါ် ULA/AA အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး မိသားစုများနှင့်အတူ ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ အစ္စလာမစ် လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် ARSA၊ ARA၊ RSO အစရှိသည့် အဖွဲ့များနှင့် ၎င်းတို့၏ လက်ကိုင်တုတ် ဝါဒဖြန့် မီဒီယာအချို့က ယင်းမိုင်းများကို ULA/AA က ထောင်ထားခြင်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ ရေးသားနေကြောင်း ULA က ဆိုသည်။

‎သို့ရာတွင် မိုင်းပေါက်ကွဲခဲ့သည့်နေရာသည် တရားမဝင် ဖြတ်သန်းသွားလာလှုပ်ရှားနေသည့် ARSA၊ ARA၊ RSO စသည့် လက်နက်ကိုင်များ ကျင်လည်ကျက်စားရာ နယ်မြေဖြစ်ပြီး၊ ဒေသခံတိုင်းရင်းသားများကို မသွားလာရန် ၎င်းအဖွဲ့များက ကန့်သတ်ပိတ်ပင်ထားသည့် နယ်မြေဖြစ်ကြောင်း ULA၏ ထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။

‎ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့အကြား တရားဝင် အသိ အမှတ်ပြုမှု မရှိသေးသော်လည်း နယ်စပ်ဒေသ ပြည်သူများ၏ လူမှုစီးပွား၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် တိုးတက်မှုနှင့် နားလည်မှုများ ရရှိနေသည်။

ယင်းအပေါ် ဒေသတွင်း နိုင်ငံတကာအဆင့် အဖွဲ့အစည်းအချို့က နိုင်ငံရေးလုပ်ကြံမှုများဖြင့် တိုက်ခိုက် လိုသောကြောင့် ULA/AA နှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ဆက်ဆံရေး ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင် နေခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

‎ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသရှိ မိဘပြည်သူများအနေဖြင့် တောတောင် ထူထပ်သည့်နေရာများနှင့် လူသူပြတ်လပ်သော နေရာများအပြင် ပုံမှန်သွားလာနေကျ လမ်းများတွင်ပင် ARSA၊ ARA၊ RSO ကဲ့သို့ အဖွဲ့များ၏ မိုင်းအန္တရာယ်များကို အထူးသတိပြု သွားလာကြရန် နှိုးဆော်ထားသည်။

‎နယ်စပ်ဒေသတစ်လျှောက် အကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေသည့် လက်နက်ကိုင် အကြမ်းဖက် အန္တရာယ်ကို ကာကွယ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အဆင့်သင့်ရှိကြောင်းလည်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားသည်။

ပုံစာ- အစ္စလာမစ် လက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ဝင်များကို တွေ့ရစဉ်။