ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
ထိုင်းနိုင်ငံ၏ ချေးငွေသက်သေခံလက်မှတ်နှင့်လဲလှယ်ရေးကော်မရှင်(SEC) သည် ထိုင်းအများပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် Advanced Connection Corporation Public Company Limited (ACC) ၏ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုအစီအစဥ်ကို ဆိုင်းငံ့လိုက်ကြောင်း Justice for Myanmar (JFM) က ထုတ်ပြန်ထားသည်။
အဆိုပါ ရှယ်ယာများကို ACC က မြန်မာစစ်တပ်အတွက် စစ်လက်နက်များရောင်းချနေသည့် Sky Aviator လက်နက်ပွဲစားကွန်ရက်တွင် ပါဝင်နေသည့် Sky Aviator Trading နှင့် Heli Asia Trading တို့အပြင် ထိုင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် Wichai Wanavit တို့ထံ ရောင်းချရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။
Sky Aviator ကွန်ရက်ကို ဦးဆောင်သူ ကျော်မင်းဦးသည် မြန်မာအကြမ်းဖက်စစ်တပ်အတွက် အဓိက လက်နက်ပွဲစားများထဲမှ တစ်ဦးဖြစ်ပြီး လက်ရှိတွင် Sky Aviator ကုမ္ပဏီနှစ်ခုစလုံးမှာ စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားပြီး ထိုင်းနိုင်ငံတွင် အမည်တူလုပ်ငန်းခွဲများကို ပိုင်ဆိုင်ထားကြောင်း သိရသည်။
Justice For Myanmar အဖွဲ့အစည်းက ACC၊ SEC၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(AMLO) နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD) တို့ထံ Sky Aviator ကွန်ရက်သည် ACC တွင် အရေးပါသော ရှယ်ယာများကို ရယူရန် ကြိုးပမ်းနေပြီး ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာများ ရှိကြောင်း စာရေးသားသတိပေးခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဆိုင်းငံ့မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
Sky Aviator ကွန်ယက်ဦးဆောင်သူ ကျော်မင်းဦးသည် စစ်တပ်အတွက် ရုရှားနိုင်ငံထုတ် Yak-130၊ MiG-29၊ Mi-35 နှင့် Su-30 စစ်လေယာဉ်နှင့် ရဟတ်ယာဉ်အတွက် ပစ္စည်းများဝယ်ယူပေးခြင်း၊ စစ်လက်နက် ပစ္စည်းဝယ်ယူမှုများကို ဆောင်ရွက်ပေးနေသူဖြစ်ပြီး ၎င်းအား အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါ နိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်းလည်း JFM ကပြောဆိုထားသည်။
ထို့ပြင် ၎င်း၏ မြန်မာဘက်မှ စီးပွားရေးလုပ်ငန်းအချို့အပေါ်လည်း ပိတ်ဆို့မှုများချမှတ်ထားသော်လည်း Sky Aviator ကွန်ရက်တစ်ခုလုံး နှင့် အဓိကလူပုဂ္ဂိုလ်များအားလုံးအပေါ် တစ်ပြေးညီဖြစ်မနေဘဲ ဟာကွက်များရှိနေသည့်အတွက် ၎င်းတို့ကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ထို့ကြောင့် USA၊ UK၊ EU၊ ကနေဒါနှင့် ဩစတြေးလျ နိုင်ငံများအနေဖြင့် Sky Aviator ကုမ္ပဏီ ကွန်ရက်တစ်ခုလုံးရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ် အကောင် အထည်ဖော်ခြင်းဖြင့် တုန့်ပြန်ဆောင်ရွက်သင့်ကြောင်း JFM ကတိုက်တွန်းထားသည်။