ဧရာဝတီတိုင်းမ်
မေ ၂၇ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ရွေးတုသမ္မတဦးမင်းအောင်လှိုင်၏ ရုပ်တုပြုလုပ်ပြီး “ချစ်အဖေ” ဟု ခေါ်ဆိုကာ အဆိုပါ အရှိန်အဝါဖြင့် ကိုယ်ကျိုးရှာနေသည့် စစ်အုပ်စု အမာခံထောက်ခံသူတစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာတွင် ဆင်ရုပ်၊ မြင်းရုပ်များ ခြံရံ၍ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ ကိုယ်တစ်ပိုင်းပုံ ရုပ်တုကို ပြုလုပ်ကိုးကွယ်ခဲ့သူ မင်းသားကြီး (ခ) အောင်ဆန်းဦး (Min Hla Aung တစ်တော့အကောင့်ပိုင်ရှင်) ကို ပြီးခဲ့သည့် မေ ၂၃ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မင်းသားကြီး (ခ) အောင်ဆန်းဦးသည် မေ ၂၂ ရက်တွင် ရုပ်တုပြုလုပ်ပြီးစီးမှု မှတ်တမ်းကို ၎င်း၏ TikTok အကောင့်တွင် “ချစ်အဖေ” ဟု စာသားများတပ်ကာ ဗီဒီယိုတင်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။

“အဲဒီလူက မင်းအောင်လှိုင်နဲ့ အမျိုးတော်သလိုလို၊ အနွယ်တော်သလိုလို ပတ်ဝန်းကျင်ကို လျှောက်ပြော ပြီး စစ်တပ်အားနဲ့ လယ်မြေတွေ သိမ်းတာ။ စစ်တပ်အကြီးပိုင်းတွေကို အပိုင်ကိုင်ထားနိုင်တယ်ဆိုပြီး အမြဲကြွားတတ်တယ်” ဟု ပန်းတနော် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါရုပ်တုမှာ ခါးအထိ မြေကြီးထဲ နစ်ဝင်နေသည့် ပုံစံဖြစ်နေသဖြင့် အများစုက “မင်းအောင်လှိုင် မြေမျိုနေသည့် နိမိတ်၊ ခါးအထိ အမျိုခံနေရပြီ” ဟု လှောင်ပြောင်ဝေဖန်ခဲ့ကြသည်။
ထိုသို့ ဝေဖန်မှုများ ဆူညံသွားပြီးနောက် မေ ၂၅ ရက် ညပိုင်းတွင် မအူပင်ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းဇော် ဦးဆောင်သည့် အဖွဲ့က နေအိမ်သို့ ဝင်ရောက်ကာ အဆိုပါ ရွေးတုသမ္မတရုပ်တုကို ချက်ချင်း ဖယ်ရှားသိမ်းဆည်း သွားခဲ့သည်။ ရုပ်တုပြုလုပ်ခဲ့သူ မင်းသားကြီးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် နေအိမ်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မင်းသားကြီး (ခ) အောင်ဆန်းဦး ဆိုသူသည် မြေပြင်တွင် စစ်တပ်အာဏာပိုင်များနှင့် နီးစပ်မှုရှိပြီး စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့)၊ ပျူစောထီးများနှင့် ပူးပေါင်းကာ ကျေးရွာရှိ လယ်သမားများ၏ လယ်မြေများကို မတရားသိမ်းယူခြင်း၊ ငါးကန်များ တူးဖော်ခြင်းတို့ကို လုပ်ကိုင်နေသူ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
စစ်တပ်အသိုင်းအဝိုင်းကမူ ၎င်းတို့၏ စစ်ခေါင်းဆောင် ရုပ်တုအား ခါးပြတ်၊ လက်ပြတ်ဖြင့် မြေကြီးထဲ နစ်ဝင်နေသည့် ပုံစံပြုလုပ်ခြင်းသည် စစ်တပ်ကျဆုံးမည့် “နိမိတ်ဆိုး” ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆကာ ယခုကဲ့သို့ အမာခံထောက်ခံသူကိုပါ ဝင်ရောက်ဖမ်းဆီး၊ ရုပ်တုဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-Min Hla Aung tittok