ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
အီဘိုလာဗိုင်းရပ်စ် (Ebola) ကူးစက်မှု အပြင်းအထန် ဖြစ်ပွားနေသော ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံတွင် ယင်းဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၀၄ ဦးအထိ ရှိလာပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသည်ဟု သံသယရှိသူတစ်ဦး တွေ့ရှိထားကြောင်း AFP သတင်းဌာနက ယနေ့ မေ ၂၇ ရက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ တတိယပတ် နောက်ဆုံးအထိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၄ ဦး ရှိလာသည့်အပြင် ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူနှင့် အတည်ပြုလူနာ စုစုပေါင်း ၈၆၇ ဦးအထိ မြင့်တက်လာကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။

တစ်ချိန်တည်းမှာပင် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ၏ မြို့တော် ကမ်ပါလာတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသည်ဟု သံသယရှိသူ တစ်ဦး၏ ရုပ်အလောင်းကို ယူဂန်ဒါကြက်ခြေနီအသင်းက အထူးရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ပြီး ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ယင်းကဲ့သို့ ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူများကို ကုသရေးစင်တာများသို့ အချိန်မီ ပို့ဆောင်ပေးခြင်းနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီ သင်္ဂြိုဟ်ပေးခြင်း လုပ်ငန်းများတွင် ကြက်ခြေနီအသင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကို အပြည့်အဝ ပံ့ပိုးကူညီရန် အသင့်ပြင်ဆင်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုအခြေအနေကို “နိုင်ငံတကာက စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ (PHEIC)” အဖြစ် သတ်မှတ်ကြေညာထားပြီး အာဖရိကဒေသတွင်း နိုင်ငံများအနေဖြင့် ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို အထူးသတိပြု ကြပ်မတ်ရန် နှိုးဆော်ထားသည်။
အီဘိုလာဗိုင်းရပ်စ်သည် လူနှင့် တိရစ္ဆာန်များတွင် ပြင်းထန်သော သွေးယိုစီးမှုဆိုင်ရာ ဖျားနာရောဂါကို ဖြစ်စေပြီး သေဆုံးမှုနှုန်း အလွန်မြင့်မားသည့် ကူးစက်ရောဂါတစ်ခု ဖြစ်သည်။
ယင်းဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသော တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်မိခြင်း၊ ရောဂါရှိသူ၏ သွေး၊ ခန္ဓာ ကိုယ်အရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် ရောဂါပိုး ကပ်ငြိနေသည့် အရာဝတ္ထုများနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းတို့ကြောင့် ကူးစက်ခံရနိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား – AFP News Agency
ဓာတ်ပုံ – Katumba Badru