နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားနှင့် တရုတ်ခရီးစဉ်များ ပျက်ပြားခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် သေချာခြင်းမရှိသော်လည်း ထိုသို့ သတင်းထွက်ပေါ်နေမှုများ အမှန်တကယ်ဖြစ်လာပါက ကန့်ကွက်သွားမည်ဟု India for Myanmar အဖွဲ့ထံမှ သိရသည်။
စစ်ခေါင်းဆောင်သည် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ရွေးတုသမ္မတဦးမင်းအောင်လှိုင်အဖြစ် အသွင်ပြောင်းပြီးနောက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ရွေးတုသမ္မတ၏ ယင်းခရီးစဉ်ကို လာမည့် ဇွန်လအတွင်း သွားရောက်ရန် စီစဉ်နေသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် Zee Media Corporation Ltd ၏ WION သတင်းဌာနက ဖော်ပြရာမှ သတင်းများ ပျံ့နှံ့သွားခြင်းဖြစ်ပြီး ရွေးတုအစိုးရဘက်ကမူ ထိုကိစ္စအား လက်ရှိအချိန်ထိ တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိပေ။

“ကျွန်တော်အနေနဲ့တော့ အဲဒီသတင်း အတည်ပြုချက်ကို လုပ်နေပါတယ်။ ဒါက ဖြစ်နိုင်ချေ တအား နည်းတဲ့အထဲမှာ ပါတာပေါ့နော်။ တကယ်လို့ အဲဒါကို အိန္ဒိယဘက်က အမှန်တကယ် လက်ခံတဲ့ ဟာမျိုးဆိုရင်တော့ ကျွန်တော်တို့ဘက်က ပြောစရာ၊ ကန့်ကွက်စရာ ရှိတာတွေ ကန့်ကွက် သွားဖို့တော့ ရှိပါတယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အိန္ဒိယနိုင်ငံသည် “နှစ်ဖက်ခွ” ဆက်ဆံရေးမျိုးဖြင့် မြန်မာ့အရေးကို ချဉ်းကပ်နေပြီး တော်လှန်ရေး အင်အားစုများနှင့် တွေ့ဆုံမှုများကို လျှို့ဝှက်ထားကာ ရွေးတုအစိုးရနှင့် တွေ့ဆုံခြင်းများကိုမူ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းက စစ်ရေးအသာစီးရမှုအပေါ် အခြေခံသည့် သဘောရှိသဖြင့် ရွေးတုအစိုးရနှင့် ဆက်ဆံရေးကို ပိုမိုအာရုံစိုက်လာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
အလားတူ အိန္ဒိယအခြေစိုက် WION သတင်းဌာန၏ ဖော်ပြချက်အရ ရွေးတုသမ္မတ၏ ယင်းခရီးစဉ်သည် အိန္ဒိယအစိုးရ ကျင့်သုံးနေသော “အရှေ့မျှော် မူဝါဒ (Act East Policy)” ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရပြီး အာဆီယံတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ၊ ကုန်သွယ်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး စသည်တို့ ဆွေးနွေးနိုင်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။
“အဓိကကတော့ လက်ရှိတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးဖို့ဖြစ်မယ် ထင်ပါတယ်။ ကုလားတန် စီမံကိန်းကိစ္စ ပါနိုင်တယ်။ ပြီးတော့ မကွေး၊ စစ်ကိုင်း၊ ချင်း နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး အဲဒါတွေ ပူးပေါင်းဖို့ ဆွေးနွေးနိုင်တယ်” ဟု အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ပြည်သူ့ရေးရာ မူဝါဒသုတေသီ R. Lakher က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ယခုမေလလယ်ပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ပြင်ဆင်ထားခဲ့ သော်လည်း ခရီးစဉ်ပျက်ပြားခဲ့သလို မကြာသေးမီက ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်အောင်ပွဲနေ့ (Victory Day) အခမ်းအနားတွင်လည်း ဖိတ်ကြားခြင်း မခံခဲ့ရပေ။
ထိုကဲ့သို့ ၎င်းအား ထောက်ခံနေသည့် မဟာမိတ်နိုင်ငံကြီးများ၏ ချန်လှပ်ခြင်းကို ခံခဲ့ရပြီးနောက် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဆိုသော သတင်းများ ထွက်ပေါ်လာသလဲဆိုသည်ကို ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းလျက် ရှိသည်။
ရွေးတုသမ္မတအဖြစ် အသွင်ပြောင်းထားသော စစ်ခေါင်းဆောင်သည် မကြာသေးမီက ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်အောင်ပွဲနေ့ (Victory Day) အခမ်းအနားသို့ ဖိတ်ကြားခြင်း မခံခဲ့ရသလို ယခုမေလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ပြင်ဆင်ထားသည်ဟု တပ်တွင်းသတင်းရင်းမြစ် ထံမှ သိရှိရသော်လည်း သွားရောက်နိုင်ခြင်းမရှိပေ။
အဆိုပါ ခရီးစဥ်ပျက်ပြယ်သွားပြီးနောက် ယခုကဲ့သို့ အိန္ဒိယနိုင်ငံကို သွားရောက်မည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
အာဏာသိမ်းမှုကြောင့် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် အရေးယူပိတ်ဆို့ ဒဏ်ခတ်ခြင်း ခံထားရသည့် စစ်ခေါင်းဆောင်အနေဖြင့် ရွေးတုသမ္မတ ဖြစ်လာချိန်တွင် ၎င်းကို ထောက်ခံကူညီနေသော နိုင်ငံအချို့၏ အကူအညီဖြင့် အသိအမှတ်ပြုမှု ပြန်လည်ရရှိရန် ကြိုးပမ်းနေပြီး ပြည်ပခရီးစဉ် သွားရောက်နိုင်ရေးကို လိုလားပြင်းပျလျက်ရှိကြောင်း တပ်တွင်းစစ်ရေးရင်းမြစ်များထံမှ စုံစမ်းသိရသည်။
လက်ရှိတွင် ရွေးတုအစိုးရနှင့် အိန္ဒိယအစိုးရအကြား ကာကွယ်ရေးနှင့် သံတမန်ရေးရာ ဆက်ဆံရေးများ တိုးမြှင့်လျက်ရှိပြီး အိန္ဒိယဘက်မှ ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးအား နေပြည်တော်သို့ စေလွှတ်၍ စစ်ခေါင်းဆောင်၏ ရွေးတုသမ္မတ ကတိသစ္စာပြုပွဲကို တက်ရောက်စေခဲ့သလို ရေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုများလည်း လုပ်ဆောင်ခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက်