ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေ ၂၆ ရက်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ မြို့၏ အထင်ကရနေရာဖြစ်သည့် လက်ဝါးကပ်တိုင် ထိခိုက် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်သည် ယနေ့ မေလ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်က မတူပီမြို့ကို ဂျက်ဖိုက်တာ နှင့် Y-12 တို့ဖြင့် အကြိမ် ၃၀ ထက်မနည်း လေကြောင်းမှ တစ်ပြိုက်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြို့ပေါ်နဲ့ မြို့အနီးအနားဝန်းကျင်ကို လေယာဥ်နှစ်စင်းလောက်နဲ့ တဆက်တည်း ဗုံးသီး ၃၀ ကျော် ကြဲချခဲ့တာပါ”ဟု မတူပီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှပ်တပ်သည် မတူပီမြို့နှင့် အနီးအနားဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်ထက်မနည်း၊ Y-12 လေယာဉ်ဖြင့် အကြိမ် ၂၀ ကျော်ထက်မနည်း စုစုပေါင်း အကြိမ်ရေ ၃၀ ကျော်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မတူပီ ဂေါက်ကွင်းအနားက မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ လက်ဝါးကားတိုင်က ဗုံးစထိမှန်ပြီး ပျက်စီးသွားတယ်။ တခြားပျက်စီးမှုတွေလည်း ရှိတယ်။ အသေးအစိတ် မသိရသေးဘူး”ဟု မတူပီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်လည်း မတူပီမြို့နယ်ကို စစ်ကော်မရှင်က လေကြောင်းမှ စောင့်ကြည့်မှုများ ဆက်လက် လုပ်ဆောင်ပြီး ပြည်သူများသည် လေကြောင်းရန် အန္တရာယ် ထပ်မံ စိုးရိမ်နေရကြောင်း သိရသည်။

လက်ရှိတွင် ရွေးတုအစိုးရ စစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးပြီး မတူပီ၊ ကန်ပက်လက်၊ မင်းတပ် စသည့်မြို့နယ်များကို လေကြောင်းမှ အင်အားအလွန်အကျွံ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသည်။

စစ်တပ်သည် ပြီးခဲ့သည့် မေ ၂၄ ရက်နေ့ကလည်း ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ သုံးပြီး မတူပီမြို့ပေါ်ကို ၂ နာရီကြာအောင် အကြိမ် ၂၀ ခန့် ဗုံးကြဲခဲ့သည်။