နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်

 

အာဏာသိမ်းပြီးနောက်ပိုင်း တပ်အင်အား လိုအပ်ချက်ကြောင့် လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ တပ်သားသစ် စုဆောင်းနေသည့် ရွေးတုအစိုးရတပ်၏ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လူငယ်များကို အမိမြေကာကွယ်စောင့်ရှောက်ရန် ခေါင်းစဉ်တပ်၍ တော်လှန်ရေးအင်အားစုများနှင့် ပြန်လည်ရန်တိုက်ပေးရန် စည်းရုံးလှုံ့ဆော်လာကြောင်း သိရသည်။

 

တပ်ချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ အခြေခံနှင့် တန်းမြင့် ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းသား၊ သင်တန်းသူများကို ယမန်နေ့ မေ ၂၅ ရက်က တွေ့ဆုံ စဉ် ဝါဒဖြန့် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အခုအရွယ်ကတည်းကစတင်ပြီး မိမိကိုယ်ကို ကောင်းအောင် ကြိုးစားကြဖို့၊ ရေကြောင်းနဲ့ လေကြောင်း လူငယ်သင်တန်းတွေကတစ်ဆင့် ကာကွယ်ရေး လုပ်ငန်း တွေမှာ အထောက် အကူဖြစ်လာစေဖို့ ရည်ရွယ်စေလိုတယ်” ဟု ၎င်းက ဝါဒဖြန့်ပြောဆိုသည်။

သို့သော်လည်း မြေပြင်လက်ရှိအခြေအနေတွင် ရွေးတုအစိုးရသည် ၎င်းတို့ ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အရွယ်ရောက်ပြီးသူ လူငယ်များကို လမ်းပေါ်မှ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ နေအိမ်များအထိ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်ကာ စစ်ပွဲပြင်းထန်ရာ ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်နေသလို ခုခံတော်လှန်နေသော လူငယ်များကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်။

 

အဆိုပါ ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းများကို ယခင် အစိုးရဟောင်းလက်ထက် ၂၀၁၄ ခုနှစ်ကတည်းက လူငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း ရွေးတုအစိုးရလက်ထက်တွင်မူ ၎င်းတို့၏ စစ်အင်အားဖြည့်တင်းရန်နှင့် ဝါဒဖြန့်ရန်အတွက် ခုတုံးလုပ် အသုံးချလာခြင်းဖြစ်သည်။

 

“နွေဦးတော်လှန်ရေးမှာ လူငယ် Gen-Z တွေကြောင့် သူတို့ စစ်တပ်အထိနာခဲ့တယ်။ အဲဒါကြောင့်မို့လို့ သူတို့စစ်တပ်ကို လူငယ်ထုအားနဲ့ပဲ ပြန်သွားနိုင်အောင် လုပ်တာ။ ပြီးတော့ ဒီသင်တန်းတက်တဲ့ လူငယ်တွေက နောက်ပိုင်း မဖြစ်မနေ စစ်တပ်ထဲကို ရောက်လာမယ့်သူတွေ ဖြစ်အောင် စည်းရုံးတာ” ဟု စစ်ရေးစောင့်ကြည့်လေ့လာသူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ရွေးတုအစိုးရသည် စည်းရုံးဝါဒဖြန့်၍ရမည့် လူငယ်များကို သီးသန့်ပြုစုပျိုးထောင်ကာ လက်ရှိ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်လျက်ရှိသော လူငယ်များနှင့် ပြန်လည်ရန်တိုက်ပေးရန် ကြိုးပမ်း ခြင်းဖြစ်ပြီးအခြေအနေမှန်များကို ဖော်ပြနေသည့် ဆိုရှယ်မီဒီယာများနှင့် သတင်းမီဒီယာများ၏ အင်အားကိုလည်း စစ်တပ်က အလွန်ကြောက်လန့်နေကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။

 

အဆိုပါ တွေ့ဆုံပွဲတွင် တပ်ချုပ် ရဲဝင်းဦးက နိုင်ငံအား ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုး ဆက်သစ်များဖြစ်ရန် မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့၏ အဓိက အရေးပါမှုကို သိရှိထားရန် လိုအပ်သည်ဟု ဆိုကာ Social Media အင်အားကြီးထွားလာမှုနှင့် ပတ်သက်၍ ထည့်သွင်း ဝေဖန် ပြစ်တင် ပြောဆိုသွားခဲ့သည်။

 

တပ်ချုပ်က ဆိုရှယ်မီဒီယာများမှတစ်ဆင့် ပျံ့နှံ့နေသည့် “အဆိပ်သင့် သတင်းများ၊ အဆိပ်သင့် စာပေများ” သည် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားနှင့် အသိတရားကို အင်အားကြီးမားစွာဖြင့် ချေမွှဖျက်ဆီးပစ်နိုင်သဖြင့် လူငယ်များအားလုံး သတိပြုဆင်ခြင်ရန် လိုအပ်သည်ဟုဆိုကာ မြေပြင် စစ်ရာဇဝတ်မှုနှင့် သတင်းမှန်များကို လူငယ်များ မသိရှိနိုင်စေရန် လမ်းလွှဲဝါဒဖြန့် စည်းရုံး ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – MOI