ဧရာဝတီတိုင်းမ်
မေ ၂၆ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ ဗျူဟာမြောက် အရေးပါသော “နတ်ရေကန်ဗျူဟာစခန်း” ကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် မြေပြင်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ရွေးတုအစိုးရတပ် အကြီးအကျယ် အထိနာနေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် မေ ၂၅ ရက်က မြေပြင်စစ်ကြောင်းများ ပြိုပျက်လုနီးပါး ဖြစ်နေသည့် ပဇီနှင့် ဂုတ်ကြီးကျေးရွာ အနီးဝန်းကျင်သို့ ဂျက်ဖိုက်တာ ငါး စင်း၊ Y-12 ထောက်ပို့လေယာဉ် နှစ် စင်း အထိ အသုံးပြုကာ လေကြောင်းမှ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်မှုများကို အသည်းအသန် ပြုလုပ်ခဲ့ရသည်။
ထို့ပြင် အခြေအနေ စိုးရိမ်ရသဖြင့် စစ်တပ်၏ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) အပါအဝင် အမတ ၃၇၅ နှင့် အမတ ၄၀၉ တို့ကလည်း လက်နက်ကြီးပစ်ကူများ ဆက်တိုက်ပစ်ခတ်ပေးနေရပြီး နေပြည် တော်နှင့် မကွေးဘက်မှ ခဲယမ်းနှင့် စစ်ကူများကိုပါ အရေးပေါ် ဖြည့်တင်းနေရကြောင်း မြေပြင်စစ်ရေးရင်းမြစ်များထံမှ သိရသည်။

“အမြောက်တပ် ၉၀၅ကနေလက်နက်ကြီးပစ်နေတာ ရက်အတော်ကြာနေပြီ။ အင်အားပြည့်စစ်ကားတွေ ဇင်ပြွန်းဘက်ကိုတက်တာလည်းရှိတယ်။ ပဇီဘက်တိုက်ပွဲကို အင်အားဖြည့်တယ်။ မကွေးလေတပ်ကနေ ပျံတက်သွားတဲ့ ဂျက်တိုက်လေယာဉ်တွေလည်း မနည်းဘူး” ဟု မကွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြေပြင်တိုက်ပွဲ အခြေအနေများတွင် ရွေးတုအစိုးရတပ်သည် ၎င်းတို့၏ ရှေ့တန်းကာကင်းစခန်း အများအပြားကို လက်လွှတ်ထားရပြီး နတ်ရေကန်ဗျူဟာ၏ အဓိကကာကင်းစခန်းငယ်တစ်ခုကို မေ ၁၉ ရက်တွင် AA က သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် မထုံး၊ လင်းတဲ၊ စွန်တက်၊ ဂုတ်စည်း၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်းရေစမ်း အစရှိသည့် ရှေ့တန်းကာကင်းစခန်းပေါင်းများစွာကိုလည်း AA ဘက်က ခြေမှုန်းသိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
ပြီးခဲ့သည့် မေ ၂၀ ရက်က ဖြစ်ပွားခဲ့သော ပဇီရွာအနီး တိုက်ပွဲတွင်လည်း ရွေးတုအစိုးရတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့သဖြင့် ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို စစ်မော်တော်ယာဉ် သုံးစီးဖြင့် လာရောက်သယ်ဆောင်သွားခဲ့ရကြောင်း သိရသည်။
ယခု နတ်ရေကန်ဗျူဟာတိုက်ပွဲသည် ရခိုင်စစ်မျက်နှာသာမက မကွေးတိုင်း၏ နယ်စပ်လုံခြုံရေးနှင့် စစ်ရေးအသာစီးရမှုအတွက်ပါ အဆုံးအဖြတ်ပေးနိုင်မည့် ဗျူဟာမြောက် ဖြစ်စဉ်တစ်ခု ဖြစ်သည့်အတွက် ရွေးတုအစိုးရတပ်က အဆင်အခြင်မဲ့ လေကြောင်းပစ်ကူများဖြင့် အသည်းအသန် ခုခံနေခြင်းဖြစ်သည်။
လက်ရှိတွင် နတ်ရေကန်ဗျူဟာ၏ ရှေ့တန်းကာကင်းစခန်းအားလုံးနီးပါး AA လက်သို့ ကျရောက်သွားပြီဖြစ်ရာ နတ်ရေကန်ဗျူဟာစခန်းကြီးပါ ထပ်မံကျဆုံးသွားပါက စစ်တပ်အနေဖြင့် ရခိုင်စစ်မျက်နှာသို့ ကုန်းလမ်းမှတစ်ဆင့် စစ်ကူနှင့် ရိက္ခာပို့နိုင်မည့် လမ်းကြောင်း လုံးဝပြတ်တောက်သွားမည်ဖြစ်သည်။
ဂျက်တိုက်လေယာဉ် ငါးစင်း နှင့် ထောက်ပို့လေယာဉ် နှစ်စင်းကို တစ်ပြိုင်နက်တည်း အုပ်စုလိုက်အသုံးပြုပြီး ဗုံးကြဲနေရခြင်းသည် မြေပြင်စစ်ကြောင်းများ ရှေ့တိုးနိုင်ခြင်းလုံး၀မရှိတော့ဘဲ ခုခံစစ်သက်သက်ဖြင့် အထိနာနေသည်ကို ပြသခြင်းပင်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
ဓာတ်ပုံ – AA Info Desk