‎ဧရာဝတီတိုင်းမ်
‎မေ ၂၆ ရက်

‎စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ အင်းတော်နှင့် မော်လူးဒေသများတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မဟာဗျူဟာမြောက် ထိုးစစ်များ ပြန်လည်စတင်လိုက်ရာ ရွေးတုအစိုးရစစ်တပ်ဘက်က ထိခိုက်သေဆုံးးများပြားပြီး စခန်းအချို့ကိုပင် စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် ရှေ့တန်းသတင်းများအရ သိရသည်။

‎ယခုဖြစ်ပွားနေသော တိုက်ပွဲများသည် ပြီးခဲ့သည့် မတ်လမှစတင်ကာ ထီးချိုင့်၊ တကောင်း၊ ကသာ၊ အင်းတော်နှင့် မော်လူးဒေသများကို နယ်မြေပြန်စိုးမိုးရန် ကြိုးပမ်းလာသည့် စစ်တပ်၏ ဗျူဟာကို တော်လှန်ရေးပူးပေါင်းတပ်များက ဖြတ်တောက်ခြေမှုန်းသည့် အလှည့်အပြောင်းတိုက်ပွဲများလည်း ဖြစ်သည်။

‎ရွေးတုအစိုးရစစ်တပ်က ယခုမေလအတွင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ်ရှိ နန့်စီးအောင်ကို ကျော်ဖြတ်ကာ မိုးညှင်းအထိ စစ်အင်အား ဖြန့်ကျက်ပြီး နယ်မြေစိုးမိုးမှု ပြန်ရရန် ကြိုးပမ်းခဲ့သည်။

‎သို့သော်လည်း မေလ ၂၁ ရက်မှစတင်သည့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဟန်ချက်ညီ တုံ့ပြန်ထိုးစစ်ကြောင့် စစ်ကိုင်း-ကချင် လမ်းမကြီးတစ်ခုလုံးအပေါ် စစ်တပ်၏ ထိန်းချုပ်နိုင်စွမ်းကိုပါ ကြီးမားစွာ ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။

‎ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၄ ရက်နေ့က မိုးညှင်းဘက်မှ စစ်ကူဆင်းလာသည့် စစ်ကား သုံး စီးကို တော်လှန်ရေးတပ်ဖွဲ့များက မော်ဟဲရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

‎ထို့အပြင် မေ ၂၅ ရက်တွင် မိုးညှင်း-မော်လူးလမ်းပိုင်းရှိ မော်ဟန်ရွာ ရဲစခန်းအနီး တပ်စွဲထားသော စစ်တပ်နေရာကို KIA က KPV ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် နှစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

‎အင်းတော်မြို့နယ် ပင်းမလွတ်ကျေးရွာအနီး မေ ၂၄ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်လည်း စစ်တပ်ဘက်က အထိနာခဲ့သလို၊ မော်လူးဒေသတွင်လည်း စခန်းစွန့်ခွာထွက်ပြေးမှုများ ရှိနေသည်။

‎”မော်လူးမှာ ဒီနေ့ ၂၆ ရက် မနက်ပိုင်းအထိ လက်နက်ကြီးသံနဲ့ ဒရုန်းပေါက်ကွဲသံတွေ တစ်ချက်တစ်ချက် ကြားနေရတုန်းပဲ။ စစ်တပ်ဘက်က ခံစစ်မနိုင်လို့ စွန့်ပြေးသွားတဲ့ စခန်းတွေလည်း ရှိတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောကြားသည်။

‎စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် ရှေ့တန်းတွင် စစ်ရှုံးပါက အရပ်သားပိုင်ပစ္စည်းများကို ဖျက်ဆီးသည့် နည်းဗျူဟာအတိုင်း မေလ ၂၄ ရက်က မော်လူးဒေသ ညောင်ပင်သာကျေးရွာမှ ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းရှိ ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။

‎လက်ရှိတွင် ကသာ၊ အင်းတော်၊ မော်လူးနှင့် မိုးညှင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး မန္တလေး- မြစ်ကြီးနားလမ်းပိုင်းတွင်လည်း ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေသည်။
မြေပုံ- NZY