(ကိယက်ဗ်မြို့တော်မှ နိုင်ငံခြားသံတမန်တွေ ထွက်ခွာကြဖို့ ရုရှား တိုက်တွန်း)
ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို စနစ်တကျ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်တော့ မယ်လို့ သတိပေးလိုက်ပြီး ကိယက်ဗ်မြို့မှာရှိတဲ့ နိုင်ငံခြား သံတမန်တွေအားလုံး ချက်ချင်း ထွက်ခွာကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မေလ ၂၂ ရက်နေ့မှာ ရုရှားထိန်းချုပ်ထားတဲ့ လူဟန့်စ်ဒေသက ကောလိပ်ကျောင်းအဆောက်အအုံ နဲ့ ကျောင်းသားအဆောင်တစ်ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့လို့ လူ ၂၁ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ ပါတယ်။
အဲဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန် ကြီးဌာနက တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုခဲ့တာပါ။
ရုရှားအနေနဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်လို့ ကိယက်ဗ်မြို့မှာရှိတဲ့ ကာကွယ်ရေးလုပ်ငန်း တွေအပြင် ယူကရိန်းအစိုးရရဲ့ အဓိက ဆုံးဖြတ်ချက်ချမှတ်ရာ ဗဟိုဌာနတွေကို ပစ်မှတ်ထားတိုက်ခိုက် သွားမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ ထုတ်ပြန်ချက်ထဲမှာ သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ အပါ အဝင် နိုင်ငံခြားသားအားလုံး ကိယက်ဗ်မြို့ကနေ အမြန်ဆုံး ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကိယက်ဗ်မြို့ခံတွေအနေနဲ့လည်း စစ်ဘက်ဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အ အုံတွေနား မသွားကြဖို့ သတိပေးထားပါသေးတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက “ရုရှားရဲ့ အခုလို ခြိမ်းခြောက်ငွေညှစ်မှုကို ကျွန်တော်တို့ အလျော့မပေးနိုင်ဘူး” လို့ တနင်္လာနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို လှောင်ပြောင်သရော်လိုက်တာပဲလို့ ၎င်း က ပြစ်တင်ခဲ့ပြီး ရုရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အရိပ်အယောင်တောင် မပြတဲ့အပြင် အခြေအနေတွေကို ပိုပြီး တင်းမာအောင် တမင်တကာ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; Russia threatens retaliatory strikes on Kyiv, urges foreign diplomats to leave