ဧရာဝတီတိုင်းမ်
‎မေ ၂၆ ရက်
‎‎

ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရ အထိနာနေသည့် ရွေးတုအစိုးရစစ်တပ်သည် ကျောက်ဖြူမြို့နယ် အတွင်း လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နိုင်ရန်အတွက် ဂျိုင်ရိုကော်ပတာ အများအပြားကို ကျောက်ဖြူလေယာဉ်ကွင်း၌ စုဖွဲ့ပြင်ဆင်နေကြောင်း သိရသည်။
‎‎

ပြီးခဲ့သည့် မေ ၂၁ရက်က တိုက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင်ရကာ တောင်မော်ဦးရေတပ်ထဲ စစ်‌ကြောင်း ပြန်ဆုတ်ခဲ့ရသည့် ရွေးတုအစိုးရ စစ်တပ်သည် ‌ကျောက်ဖြူလေယာဉ်ကွင်းကိုလည်း အခိုင်အမာ လေတပ်စခန်းတစ်ခုအဖြစ် ပြောင်းလဲတည်ဆောက်လာနေကြောင်း ကျောက်ဖြူ မြေပြင်သတင်းများကို ဖော်ပြနေသည့် little rabbit ထံမှ သိရသည်။

“ကျောက်ဖြူကို စိုးမိုးနိုင်ဖို့ လမ်းကြောင်းပေါင်းစုံကနေတိုက်ခိုက်ရေး အစီအစဉ်တွေ စစ်တပ်က ချလာတာပေါ့။ ကျောက်ဖြူ လေဆိပ်ပြန်ဖွင့်ပြီး ခရီးစဉ်တွေပြေးဆွဲနေကတည်းက စစ်ရေးအရ အသုံးချမယ်ဆိုတာ သိသာပါတယ်။ ဂျိုင်ရိုကော်ပတာတွေစုဖွဲ့နေတာလည်း ကြားထားပါတယ်” ဟု ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောက်ဖြူတိုက်ပွဲကာလ တစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် စစ်တပ်သည် စစ်မျက်နှာသစ်ဖွင့်ကာ စစ် ကြောင်းထိုးရန် ကြိုးပမ်းခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများကာ ပြန်လည်ဆုတ်ခွာခဲ့ရပြီးနောက် ယခုကဲ့သို့ လေကြောင်းအင်အားကို တိုးမြှင့် ပြင်ဆင်လာခြင်းဖြစ်သည်။

 

စစ်တပ်သည် ‎ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှစတင်ကာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းသို့ ရေ ကြောင်း၊ လေကြောင်းများမှတစ်ဆင့် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့သည်။ ထို့နောက် စနဲမြို့အထိ စစ်ကြောင်းထိုးရန် ရည်ရွယ်၍ ကမ်းတက် စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

သို့သော်လည်း အဝတောင်ကျေးရွာအထိသာ ချဉ်းကပ်နိုင်ခဲ့ပြီး AA ၏ အပြင်းအထန် ခုခံတိုက်ခိုက် မှုကြောင့် စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံးကာ ၎င်းတို့၏ အခြေစိုက်ရာ တောင်မော်ဦး ရေတပ်စခန်းသို့ ဖရိုဖရဲ ပြန်လည်ဆုတ်ပြေးခဲ့ရသည်။

ပြီးခဲ့သည့် မေ ၂၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က စနဲမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို တိုက်ခိုက်ရေးလေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဂျိုင်ရိုကော်ပတာများသည် ဂျက်တိုက်လေယာဉ်များထက် လောင်စာဆီနှင့် ပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာပြီး အနိမ့်ပျံသန်းကာ ကင်းထောက်ခြင်း၊ ပစ်မှတ်ရှာဖွေခြင်းနှင့် ပေါ့ပါးသော ဗုံးကြဲတိုက်ခိုက် မှုများကို လျင်မြန်စွာ ပြုလုပ်နိုင်သည်။

 

ထို့ကြောင့် ရွေးအစိုးရစစ်တပ်သည် ရေမြေတောတောင်ထူထပ်သော ရခိုင်ဒေသတွင် ပြောက်ကျား လေကြောင်း ဗျူဟာကို သုံးရန်အတွက် ဂျိုင်ရိုကော်ပတာများကို ပြင်ဆင်လာခြင်း ဖြစ်ပြီး ယခင် ကျောက်ဖြူ တိုက်ပွဲများတွင်လည်း ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုခဲ့သည်ဟု စစ်ရေး သုံးသပ်သူများက ဆိုသည်။

စစ်တပ်သည် တရုတ်၏ အကြီးစားစီမံကိန်းများရှိရာနှင့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသော ကျောက်ဖြူမြို့ကို လက်မလွှတ်ရစေရန်အတွက် ကုန်းကြောင်း၊ ရေကြောင်းသာမက လေယာဉ်ကွင်း ကိုပါ အခိုင်အမာစခန်းပြောင်းပြီး အသက်သွင်းရန် ကြိုးစားလာခြင်း ဖြစ်သည်။

 

မြေပြင် စစ်ဆင်ရေးများတွင် အရေးနိမ့်လေ့ရှိတိုင်း လေကြောင်းကိုသာ အားကိုးလေ့ရှိသည့် စစ်တပ် သည် ဂျိုင်ရိုကော်ပတာများနှင့် ဒရုန်းများကို သုံးစွဲပြီး စနဲမြို့နှင့် ဝန်းကျင်ကျေးရွာများကို ပိုမိုစိပ်စိပ်နှင့် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လာနိုင်သဖြင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပိုမိုစိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်‌ကြောင်း သိရသည်။

 

ပုံစာ-ဂျိုင်ရိုကော်ပတာနမူနာ။