ဧရာဝတီတိုင်းမ
မေ ၂၆ ရက်
မြန်မာနိုင်ငံရှိ လူငယ်မျိုးဆက်သစ်များကို အရှိန်အဟုန်ဖြင့် တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်သည့် အရပ် သားများကို ပြန်ပေးဆွဲကာ အတင်းအဓမ္မ စစ်သားစုဆောင်းနေသည့် ရွေးတုအစိုးရတပ်၏ လုပ်ရပ် များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မျက်ကွယ်မပြုကြရန် ယမန်နေ့ မေ ၂၅ ရက်တွင် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ထုတ်ပြန်တောင်းဆို ထားသည်။
ရွေးတုအစိုးရသည် အရပ်သားများကို ပြန်ပေးဆွဲကာ စစ်မြေပြင်အတွင်းသို့ အတင်းအဓမ္မ မောင်းသွင်းနေပြီး ယင်းလုပ်ရပ်ကို အာဆီယံနိုင်ငံများအနေဖြင့် မျက်ကွယ်မပြုသင့်ဘဲ နိုင်ငံတကာ အသိုင်းအဝန်းနှင့် ပူးပေါင်းကာ အခြေခံမူဝါဒအပေါ် အခြေခံသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ဆူဘန်းမြို့နယ် လွှတ်တော်အမတ်နှင့် APHR ဘုတ်အဖွဲ့ဝင်ဖြစ်သူ ဝမ်ချန် က ပြောကြားသည်။

“ရွေးတုအစိုးရကို ပြစ်တင်ရှုတ်ချပြီး တာဝန်ခံမှုရှိစေရမယ်။ ပြီးတော့ စစ်မှုထမ်းဖို့ ဖမ်းဆီး ခံထားရသူအားလုံးကို ဘေးကင်းလုံခြုံစွာ ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ၎င်းတို့ရဲ့ မိသားစုတွေဆီကို မိမိဆန္ဒအလျောက် ဘေးကင်းစွာ ပြန်နိုင်ခွင့်ရှိဖို့ သေချာအောင် လုပ်ဆောင်ပေးရပါမယ်” ဟု ဝမ်ချန် က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော လူငယ်များ၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအားလုံး မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် ဘေးအန္တရာယ်ရှိရာသို့ အတင်းအဓမ္မ ပြန်လည်မောင်းထုတ်ခြင်းမပြုသည့် (Non-refoulement) မူဝါဒကို တိတိကျကျ လိုက်နာစောင့်ထိန်းရန် APHR က တိုက်တွန်းထားသည်။
ရွေးတုအစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က မိသားစုဝင်တစ်ဦးချင်းစီ၏ မွေးသက္ကရာဇ်နှင့် အလုပ်အကိုင်များ ပါဝင်သည့် မြို့နယ်အိမ်ထောင်စုစာရင်း အသေးစိတ်ကို လိုက်လံကောက်ယူခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းရန် အကျုံးဝင်သူ စုစုပေါင်း ၁၃ သန်းခန့်ရှိကြောင်း ပြောဆိုထားသည်။

၂၀၂၄ ခုနှစ်မှစတင်ကာ လူငယ်များသည် အလုပ်မှအပြန် လမ်းပေါ်တွင် ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် နေအိမ်များမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများကို ကြုံတွေ့နေရသဖြင့် မိသားစုများမှာ စိတ်ဒဏ်ရာကြီးစွာ ရရှိနေပြီး လူထုလူ့အဖွဲ့အစည်းများလည်း ပျက်စီးနေရကြောင်း APHR အစီရင် ခံစာတွင် ဖော်ပြထားသည်။
“ဒီလထဲမှာ စစ်ကိုင်းတိုင်းထဲက ရွာတစ်ရွာကနေ မန္တလေးမြို့မှာ ပန်းရံလုပ်ဖို့ တက်လာတဲ့ အမျိုးသား နှစ်ဦး လမ်းမှာ အဖမ်းခံရတယ်။ စစ်ကိုင်းကအလာ နာပေါက်ဂိတ်ထိပ်မှာ လိုင်းကားရပ်တဲ့အချိန် လိုင်း ကားပေါ်က ဆင်းဆင်းချင်းပဲ စစ်သားတွေ ဖမ်းခေါ်သွားတာ။ လိုက်လို့လည်းမရဘူး၊ စစ်မှုထမ်းဖို့ ပါသွား ပြီ”ဟု မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများ၏ သတင်းအချက်အလက်ကို မိသားစုဝင်များ သိခွင့်မရှိဘဲ ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသွားမှသာ သိကြရကြောင်း၊ အချို့သော ပြန်ပေး ဆွဲခံရမှုများတွင် ပြန်လည်လွတ်မြောက်လာစေရန်အတွက် စစ်အုပ်စုထံ ငွေကြေးအမြောက်အမြား ပေးဆောင် နေရကြောင်း သိရသည်။
“မင်းအောင်လှိုင်နဲ့ သူ့ရဲ့ရွေးတုအစိုးရဟာ အာဏာကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ချက်မဲ့စွာ ရုန်းကန်ရင်း မြန်မာနိုင်ငံရဲ့ မျိုးဆက်တစ်ခုလုံးကို ခိုးယူဖျက်ဆီးနေပါတယ်။ သူတို့ဟာ လူငယ် လူရွယ်တွေရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်တွေကို ရိုက်ချိုး ဖျက်ဆီးနေကြတာပါ။ ဒါဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေတာ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှား ပြည်သူ့ လွှတ်တော်အမတ်နှင့် APHR ၏ ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းစ် (Mercy Chriesty Barends) က ဖြည့်စွက်ပြောကြားသည်။
စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးခဲ့ပြီးကတည်းက ရွေးတုအစိုးရစစ်တပ်သည် ယခုအချိန်အထိ လူဦးရေ ၁၂၀,၀၀၀ (တစ်သိန်းနှစ်သောင်း) ကျော်အထိ အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ကြောင်း ပြည်တွင်း ပြည်ပ အစီရင်ခံစာများအရ သိရသည်။
ဓာတ်ပုံ -လူမှုကွန်ရက်၊