ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသား လေးသန်းကျော်သည် တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၂၂၁ ဘီလီယံကျော်အထိ သုံးစွဲမှုရှိနေပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ၏ လက်လီရောင်း ဝယ်ရေးကဏ္ဍကို အဓိက ပြောင်းလဲမောင်းနှင်နေသည့် စျေးကွက်အသစ် ဖြစ်လာကြောင်း Happio ကုမ္ပဏီက ထုတ်ဝေလိုက်သည့် “The Myanmar Market in Thailand 2026: Surpassing 221 Billion Baht” အစီရင်ခံစာအရ သိရသည်။
အဆိုပါ သုံးစွဲမှုပမာဏသည် ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပမှ ရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်သူများ ရှာဖွေရရှိသော ဝင်ငွေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းခန့်အထိ ရှိနေခြင်း ဖြစ်သည်။
သို့သော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းအများစုသည် ယင်းမြန်မာစားသုံးသူကဏ္ဍကို အကျိုး အမြတ်များစွာ ရရှိနိုင်မည့် “Blue Ocean” လက်လီဈေးကွက်သစ်တစ်ခုအဖြစ် သတိမထားမိဘဲ လျစ်လျူရှုထားကြကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
“ဒီနေ့ ထိုင်းနိုင်ငံက မြန်မာစားသုံးသူစျေးကွက်ဟာ သာမန်အစွန်အဖျားကဏ္ဍတစ်ခု မဟုတ်တော့ ပါဘူး။ ဒါဟာ ပြည်တွင်းဝယ်ယူနိုင်စွမ်းအားရဲ့ အရေးပါတဲ့ မောင်းနှင်အား အင်ဂျင်တစ်ခု ဖြစ်နေပါပြီ” ဟု Happio ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် နာသီဂျာရာယာဗန် က ပြောဆိုထားသည်။
ယခင်အချိန်များတွင် ထိုင်းရောက် မြန်မာနိုင်ငံသားများကို ကုန်ကျစရိတ်နည်းပါးစွာ သုံးစွဲသည့် အလုပ် သမားများအဖြစ်သာ ထင်မြင်ယူဆခဲ့ကြသော်လည်း လက်ရှိတွင် ဝင်ငွေသုံးစွဲနိုင်မှု၊ ထင်ရှားသည့် လူနေမှုပုံစံများနှင့် လက်လီဝယ်ယူရသည့် ပလက်ဖောင်းမျိုးစုံတွင် အားကောင်းသော ဝယ်ယူနိုင်စွမ်း အားရှိသည့် စားသုံးသူကဏ္ဍတစ်ခုအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
Happio ကုမ္ပဏီ၏အစီရင်ခံစာအရ မြန်မာနိုင်ငံသားများအနေဖြင့် စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍတွင် ၁၇.၄ ရာခိုင်နှုန်း၊နေထိုင်စရိတ် (အိမ်လစာ) အဖြစ် ၁၃.၈ ရာခိုင်နှုန်း၊သယ်ယူပို့ဆောင်ရေး စရိတ်အဖြစ် ၈ ရာခိုင်နှုန်းနှင့် တစ်ကိုယ်ရေသုံးပစ္စည်း ဝယ်ယူမှုအဖြစ် ၄.၄ ရာခိုင်နှုန်းအထိ အသီးသီး ရှိနေကြသည်။
“ထိုင်းနိုင်ငံက ခေတ်သစ်မြန်မာစားသုံးသူတွေဟာ ပစ္စည်းဝယ်ယူဖို့ ဆုံးဖြတ်တဲ့အခါ စျေးနှုန်းတစ်ခု တည်းအပေါ်မှာပဲ အခြေခံပြီး မဆုံးဖြတ်ကြတော့ပါဘူး။ သူတို့ဟာ ပစ္စည်းရဲ့ တန်ဖိုးနဲ့ သူတို့လူမှုအသိုင်း အဝိုင်းရဲ့ ယုံကြည်မှု၊ ယဉ်ကျေးမှုအရ အသိအမှတ်ပြုမှုတွေအပေါ် မူတည်ပြီး ဝယ်ယူကြတာပါ” ဟု နယ်စပ်ဖြတ်ကျော်စျေးကွက်ကျွမ်းကျင်သူ အိုရာဝီ တန်မီးဆန်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသားများသည် ကုန်ပစ္စည်းများဝယ်ယူရာတွင် ၎င်းတို့နီးစပ်ရာ အသိုင်းအဝိုင်း၏ တစ်ဆင့် စကားတစ်ဆင့် ယုံကြည်ထောက်ခံမှုမှတစ်ဆင့် ဝယ်ယူကြသည့်အတွက် လုပ်ငန်းရှင်များ အနေဖြင့် ဒေသအလိုက် မြန်မာလူမှုအသိုင်းအဝိုင်း၏ ယုံကြည်မှုကိုရယူပြီး မိမိတို့ကုန်ပစ္စည်းကို စွဲစွဲမြဲမြဲ အားပေးလာအောင် ဆွဲဆောင်နိုင်ပါက စားသုံးသူစျေးကွက် ပိုမိုရရှိလာနိုင်ကြောင်း ထောက်ပြ ထားသည်။
မြန်မာနိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းအား အမြင့်မားဆုံးအဖြစ် ရှိနေသည့်နေရာများမှာ စာမွတ်စခွန် (မဟာချိုင်) ကဲ့သို့ စက်မှုဇုန်များနှင့် တာ့ခ် (မဲဆောက်)၊ ရနောင်းကဲ့သို့ နယ်စပ်စီးပွားရေးဇုန်များ ဖြစ်ကြသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားထု၏ ဒေသအလိုက် ပျံ့နှံ့နေထိုင်မှု အခြေအနေတွင်မူ ၃၁.၈ ရာခိုင်နှုန်းမှာ ဘန်ကောက်နှင့် အနီးတစ်ဝိုက်ဒေသများတွင် နေထိုင်သူများဖြစ်ကြပြီး ၃၉.၂ ရာခိုင်နှုန်းမှာမူ အလယ်ပိုင်းလွင်ပြင်ဒေသများတွင် အခြေစိုက်နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။
ထိုင်းကုမ္ပဏီများအနေဖြင့် ကြော်ငြာစာသားများတွင် မြန်မာစာ၊ မြန်မာစကား ထည့်ရုံရုံမျှဖြင့် မလုံလောက်တော့ဘဲ ပြိုင်ဆိုင်မှု ပြင်းထန်သည့် “Red Ocean” အဖြစ်သို့ မပြောင်းလဲမီ စျေးကွက် ဝေစုကို စောစီးစွာ ရယူနိုင်ရန်လိုသည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ငွေကြေးဆိုင်ရာ လိုအပ်ချက်များနှင့် စစ်မှန်သည့် လူမှုရေး၊ ယဉ် ကျေးမှုဆိုင်ရာ နောက်ခံအကြောင်းအရာများကိုပါ သေသေချာချာ လေ့လာသင့်ကြောင်း အဆိုပါ အစီရင်ခံစာက အကြံပြုထားသည်။
ကိုးကား – The Nation Thailand
Ref; Unlocking Thailand’s THB221bn Myanmar Demographic: Study Warns Firms are Missing a New Purchasing Powerhouse