ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
ကမ္ဘောဒီးယားနိုင်ငံမှာ စစ်မှုထမ်းဖို့ ပျက်ကွက် ဒါမှမဟုတ် ရှောင်လွှဲတဲ့သူတွေကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်မယ့် စစ်မှုထမ်းဥပဒေသစ်ဟာ မေလ ၂၅ ရက်ကစပြီး အာဏာတည်သွားပြီလို့ ဝန်ကြီး ချုပ် ဟွန်မာနက်က ပြောပါတယ်။
ဒီဥပဒေကို ပြီးခဲ့တဲ့ စနေနေ့တုန်းက အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆမ်က နိုင်ငံတော်အကြီးအ ကဲ (ယာယီ) တာဝန်နဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာမုနိကတော့ ဆီး ကျိတ်ကင်ဆာ ရောဂါကုသမှုခံယူဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတာကြောင့် အခုလို ဟွန်ဆမ်က ကိုယ်စား လက်မှတ်ထိုးပေးခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေသစ် ပြဋ္ဌာန်းဖို့ ကြိုးပမ်းလာရတာဟာ ပြီးခဲ့တဲ့နှစ်အတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နယ်စပ်တိုက်ပွဲတွေ နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့လို့ပါ။ အဲဒီတိုက်ပွဲတွေကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရပြီး ဒေသခံ ရာနဲ့ချီကာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရဖူးပါတယ်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်စာရရှိတဲ့သူတွေအနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရက်ပေါင်း ၃၀ အတွင်း လာရောက်သတင်းပို့ခြင်း မရှိရင် စစ်မှုထမ်းဖို့ ပျက်ကွက်/ရှောင်လွှဲသူအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်းဖို့ ပျက်ကွက်ရင် ခံရမယ့် ပြစ်ဒဏ်တွေကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အခြေအနေအ ပေါ် မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ ငြိမ်းချမ်းနေတဲ့ ကာလမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲရင် ထောင်ဒဏ် ၆ လကနေ ၂ နှစ်အထိ ကျခံရမလဲအပြင် အမေရိကန်ဒေါ်လာ ၂၅၀ ကနေ ၁,၀၀၀ အထိ ဒဏ်ငွေ ရိုက်ခံရ နိုင်ပါတယ်။
ဒါပေမဲ့ နိုင်ငံမှာ စစ်ဖြစ်နေချိန် ဒါမှမဟုတ် ပြည်ပက ကျူးကျော်တိုက်ခိုက်ခံရတဲ့ ကာလမျိုးမှာ ရှောင်လွှဲရင်တော့ ပြစ်ဒဏ်က ပိုပြင်းသွားပြီး ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ကျခံရမယ့်အပြင် ဒဏ်ငွေလည်း အမေရိကန်ဒေါ်လာ ၁,၀၀၀ ကနေ ၂,၅၀၀ အထိ တိုးပြီး ပေးဆောင်ရမှာပါ။
စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရမယ့်သူတွေကတော့ ကိုရင်၊ ရဟန်းသံဃာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ မသန်စွမ်းသူတွေနဲ့ သိပ္ပံနဲ့ နည်းပညာပိုင်းဆိုင်ရာ အထူးပြုကျွမ်းကျင်သူတွေ ဖြစ်ပါ တယ်။ စစ်မှုထမ်းသက် ၂ နှစ် ပြည့်သွားတဲ့သူတွေဟာ အသက် ၄၅ နှစ် ပြည့်တဲ့အထိ အရန်တပ်ဖွဲ့ဝင်တွေ အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဥပဒေဟာ ကမ္ဘောဒီးယားလူငယ်တွေရဲ့ စိတ်ဓာတ်ထဲမှာ နိုင်ငံကို ချစ်မြတ်နိုးစိတ်နဲ့ မျိုးချစ်စိတ် ဓာတ်တွေ ကိန်းအောင်းလာအောင် ပျိုးထောင်ပေးဖို့နဲ့ နိုင်ငံကို ကာကွယ်ဖို့အတွက် စစ်မှုထမ်းလိုစိတ်တွေ တိုးပွားလာအောင် အခြေခံအုတ်မြစ် ချပေးလိုက်တာလို့ ဟွန်မာနက်က ပြောပါတယ်။
ကိုးကား – AP
Ref; Cambodia’s new conscription law takes effect in wake of conflict with Thailand