ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
UFC Flyweight ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းနွယ်ဖွား ဖိုက်တာ ဂျိုရှုအာဗန် သည် ယနေ့ မေ ၂၅ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိလာပြီး တစ်ချိန်က ၎င်းခိုလှုံခဲ့ဖူးသည့် ဒုက္ခသည် ကျောင်းဟောင်း နှင့် အမှတ်တရနေရာများသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မွေးဖွားခဲ့သည့် ဂျိုရှုအာဗန်သည် အသက် ၁၀ နှစ်အရွယ်တွင် မြန်မာနိုင်ငံမှ မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ၂ နှစ်ကြာ နေထိုင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်တွင်မှ မိသားစုနှင့်အတူ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

ဂျိုရှုအာဗန်သည် လာမည့် မေ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ချင်းဒုက္ခသည်ကော်မတီ (Chin Refugee Committee-CRC) ၏ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားသို့ VVIP အထူးဧည့်သည်တော် အဖြစ် ဖိတ်ကြားခံထားရသဖြင့် တက်ရောက်သွားမည်ဖြစ်သည်။
ဂျိုရှုအာဗန်သည် ပြီးခဲ့သည့် မေ ၉ ရက်က အမေရိကန်တွင် ကျင်းပခဲ့သော UFC 328 ပွဲစဉ်တွင် ဂျပန်ဖိုက်တာ တတ်ဆူရိုကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်ထိန်းသိမ်း နိုင်ခဲ့ပြီးနောက် ၎င်း၏ အာရှခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။
ဂျိုရှုအာဗန်သည် မလေးရှားခရီးစဉ် ပြီးဆုံးပါက ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ (မီဇိုရမ်ပြည်နယ်) တို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး မေ ၃၀ တွင် မီဇိုရမ်ပြည်နယ်၌ ကျင်းပမည့် “Fight Night” ပြိုင်ပွဲသို့ လည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်