ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
ယူကရိန်းနဲ့ စစ်ဖြစ်နေတာ ၄ နှစ်ကျော်သွားပြီဖြစ်တဲ့ ရုရှားနိုင်ငံမှာ စစ်သားအင်အား အတော်လေး လိုအပ်နေပုံရပြီး သမ္မတ ပူတင်က စစ်သားသစ်တွေကို ဆွဲဆောင်ဖို့အတွက် မက်လုံးအသစ်တစ်ခု ပေး လိုက်ပြန်ပါပြီ။
ရုရှားစစ်တပ်ထဲကိုဝင်မယ့် စစ်သည်သစ်တွေနဲ့ သူတို့မိသားစုတွေရဲ့ အကြွေးတွေကို အပြီးအပြတ် လျှော်ပစ်ပေးမယ်ဆိုတဲ့ အမိန့်ကို ပူတင်က တနင်္လာနေ့ညပိုင်းမှာ လက်မှတ်ထိုးခဲ့တာပါ။
ရုရှားသမ္မတရုံးဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဒီအမိန့်ဒီကရီအရ မေလ ၁ ရက်နေ့ကစပြီး ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ထဲဝင်ဖို့ စာချုပ်ချုပ်ထားတဲ့သူတွေအပြင် သူတို့ရဲ့ လင်မယားအချင်းချင်း တင် နေတဲ့ အကြွေးတွေပါ အကြွေးကျေခွင့် ရကြမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အကြွေးရှိသမျှ အကုန်လျှော်ပေးတာမျိုး မဟုတ်ဘဲ အစိုးရက စစ်ထဲမဝင်ခင်ကတည်းက တရားဥပဒေအရ အကြွေးတောင်းခံဖို့ အမိန့်ချမှတ်ထားပြီးသား အမှုတွဲဟောင်းတွေကိုပဲ ပယ်ဖျက်ပေးမှာ ဖြစ်ပြီး လျှော်ပေးမယ့် အကြွေးပမာဏကတော့ ရုရှားရူဘယ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ သိန်း ၄ သောင်းနီးပါး) အထိ ရှိတယ်လို့ သိရပါတယ်။
ဒီအကြွေးလျှော်ပေးမယ့် ခံစားခွင့်ကို ရဖို့အတွက် ရုရှားအစိုးရက “အထူးစစ်ဆင်ရေး” လို့ ခေါ်တဲ့ ယူကရိန်းကျူးကျော်စစ်ပွဲထဲကို အနည်းဆုံး စစ်မှုထမ်းသက် ၁ နှစ် ရှိရမယ်ဆိုတဲ့ စာချုပ်ချုပ်ဆိုရမှာဖြစ် တယ်လို့ သမ္မတရုံးက ပြောပါတယ်။
ရုရှားအစိုးရက လျှော်ပေးမယ့် ဒီအကြွေးပမာဏဟာ ရုရှားနိုင်ငံ မော်စကိုမြို့က စတုရန်းမီတာ ၃၅ ရှိတဲ့ အခန်းကျဉ်း တိုက်ခန်းတစ်ခန်းရဲ့ ပေါက်စျေးနဲ့ ညီမျှနေတာပါ။
အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားနေတဲ့အချိန်မှာ ရုရှားအစိုးရအနေ နဲ့ စစ်အင်အား တိုးချဲ့ဖို့ အသည်းအသန် ကြိုးစားနေရတာ ဖြစ်ပါတယ်။
စစ်ထဲဝင်ရင် ငွေကြေးအမြောက်အမြား ထောက်ပံ့တာ၊ တက္ကသိုလ်တွေကို ဦးစားပေး တက် ရောက် ခွင့်ပေတာတွေအပြင် အခုလို အကြွေးလျှော်ပေးတဲ့ ဥပဒေကိုပါ မက်လုံးအဖြစ် ထပ်မံဖြည့်စွက် ပေးလိုက်တာ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် စစ်ပွဲကို ပိုပြီးအရှိန်မြှင့်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲနေကြ သလို ယူကရိန်းကလည်း ရုရှားက ထိုးစစ်အသစ် ဆင်နွှဲလာနိုင်တယ်လို့ ယူဆတဲ့အတွက် မြောက်ဘက် နယ်စပ်ဒေသတွေကို စစ်ကူတွေ ထပ်မံစေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။
တနင်္လာနေ့မှာပဲ ပူတင်ဟာ ယူကရိန်းစစ်ပွဲထဲမှာ ပါဝင်တိုက်ခိုက်နေသူတွေအတွက် နိုင်ငံတော် ပိုင်မြေကို အချိန်အကန့်အသတ်မရှိ ငှားရမ်းအသုံးပြုပိုင်ခွင့်ပေးမယ့် အမိန့်ဒီကရီတစ်ခုကိုလည်း လက် မှတ်ရေးထိုးပေးခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ကိုးကား – Reuters
Ref; Russia’s Putin provides debt relief to new Ukraine war recruits and their families