ဧရာဝတီတိုင်းမ်
(ချင်းပြည်)၊ မေ ၂၅ ရက်

 

ချင်းပြည်အစည်းအရုံး(CUP/CPA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပလက်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ကန်ပက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ်က ယမန်နေ့ မေလ ၂၄ ရက်နေ့ ညသန်းခေါင်ယံ ၁၂ ဝန်းကျင်နှင့် ယနေ့ မေလ ၂၅ ရက်နေ့ မနက်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“မနေ့ညက တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ဗုံးကြဲသွားတယ်။ ဒီမနက်လည်း နေပြည်တော် အေလာလေတပ်စခန်းကနေလာပြီး နှစ်ကြိမ် ထပ်ကြဲသွားပါတယ်”ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ဗုံးကြဲတိုက်မှုသည် အရပ်သားများ အိပ်မောကျနေချိန်မှာ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ၎င်းဗုံးသီးများသည် မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို မသိသေးသလို ထိခိုက်မှုအခြေအနေအသေးအစိတ်ကိုလည်း မသိရသေးပေ။

အလတူ မင်းတပ်မြို့အနီးကိုလည်း စစ်ကော်မရှင်တပ်က ယမန်နေ့ မေလ ၂၄ ရက်၊ ညသန်းခေါင်ယံအချိန်တွင် နေပြည်တော် အေလာလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“မြို့အနီး တောင်ဘက်ခြမ်းကို ဗုံးကြဲသွားတာပါ။ ညဘက်ဆိုတော့ ဘယ်သူမှမကြည့်ကြဘူး။ ထိခိုက်မှုအခြေအနေလည်း မသိရဘူး။ အဲဘက်မှာ လူတွေလည်း ရှိမနေဘူး”ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ကို မကွေးတိုင်း၊ ဆောမြို့နယ်မှ မြေပြင်စစ်ကြောင်းများ ထိုးစစ်ဆင်နေစဥ်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

 

ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်သည့် စစ်ကော်မရှင် စစ်ကြောင်းများသည် မြို့နှင့် လေးမိုင်ခန့်အကွာတွင် ရောက်ရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ခုံခံတိုက်ခိုက်မှုကြောင့် ရက်ဆက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။ု,,,,,,,,,,