ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

 

အင်ဒိုနီးရှားနိုင်ငံရေပိုက်နက်ရှိ ပင်လယ်ကူးသင်္ဘောတွင် အောက်ဆီဂျင်ပြတ်သေဆုံးသွားသူ မြန်မာနိုင်ငံသားသင်္ဘောသား သုံးဦး၏ ရုပ်အလောင်းမြန်မာနိုင်ငံရောက်ရှိကာ ဈာပနအခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။

 

ယခုလ မေ ၆ နှင့် ၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အိန္ဒိယနိုင်ငံရှိ ပင်လယ်ကူး သင်္ဘောပေါ်တွင် အလုပ်တာဝန်ထမ်းဆောင်းနေရင်း အောက်ဆီပြတ်လပ်သေဆုံးသူ သင်္ဘောသား ငါးဦးရှိကြောင်းသိရသည်။

ယမန်နေ့ မေ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌သေဆုံးသူ သင်္ဘောသား ကိုသူရဇော် အသက် (၃၈)နှစ် ၊ ကိုဇော်မင်းထက် အသက် (၂၈) နှစ်နှင့် ကိုဟန်ထူးအောင် အသက် (၂၈) နှစ်တို့၏ ရုပ်အလောင်းများကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူခဲ့ခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် မေ ၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျာမာဆင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့်ကုန်တင်သင်္ဘောတွင် ကုန်သိုလှောင်ခန်းထဲဝင်ရောက်စစ်ဆေးရာ၌ အောက်ဆီဂျင်ပြတ်လတ်သေဆုံးရခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့်မြောက်ဥက္ကလာပဆေးရုံးကြီးထံပို့ဆောင်ခြင်း၊ မြောက်ဥက္ကလာပဆေးရုံကြီးမှ ရေဝေးသုဿာန်သို့ပို့ဆောင်ရာတွင် နာရေးကူညီမှုအသင်း( ရန်ကုန်) က ပို့ဆောင်ပေးကြောင်း သိရသည်။

 

ထို့ပြင်မေလ ၇ ရက်နေ့တွင် MV GUO QIANG 8 ( fitter) ကိုဝင်းထွဋ်ဝင်း( ခ) သဲမောင် အသက် (၃၉) နှစ် နှင့် ကိုအုပ်စိုးအောင်တို့နှစ်ဦးသည်လည်း အင်ဂျင်ခန်း၏အလုံးပိတ်နေရာတွင် အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – FFSS , လူမှုကွန်ရက်