ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး အတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရန် သဘောတူညီချက်ရရှိရေး ကြိုးပမ်းနေကြသဖြင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ချက်ချင်းကျဆင်းသွားပြီး ကမ္ဘာ့စတော့ဈေးကွက်များ မြင့်တက်လာကြောင်း ယနေ့ မေ ၂၅ ရက် ဝါရှင်တန်ပိုစ့် သတင်းတွင် ဖော်ပြထားသည်။
နှစ်ဦးနှစ်ဖက် စစ်ပွဲကို အပြီးသတ်အဆုံးသတ်မည့် နောက်ဆုံးသဘောတူညီချက် မရရှိမီကာလအတွင်း အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ သက်တမ်းတိုးမြှင့်မည့် မူဘောင်တစ်ရပ်ကို ဖော်ဆောင်ထား ကြောင်း၊ ယင်းကာလအတွင်း ဟော်မုဇ်ရေလက်ကြားတွင် ထောင်ထားသည့် မိုင်းများကို ရှင်းလင်းပြီး ရေကြောင်းလမ်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိ တစ်ဦးက ဝါရှင်တန်ပိုစ့်ကို ပြောကြားသည်။
အဆိုပါအခြေအနေများကြောင့် ယနေ့ တနင်္လာနေ့ ဈေးကွက်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် ၅ ရာခိုင် နှုန်းခန့်အထိ သိသိသာသာကျဆင်းသွားပြီး တစ်စည်လျှင် ၉၈ ဒေါ်လာဝန်းကျင်သို့ ရောက်ရှိ သွားခဲ့သည်။
ထို့အတူ အာရှစတော့ဈေးကွက်များလည်း ယနေ့တွင် ပြန်လည်မြင့်တက်ခဲ့သော်လည်း အမေရိကန် စတော့ဈေးကွက်များမှာမူ အမေရိကန် အထိမ်းအမှတ်နေ့ (Memorial Day) ရုံးပိတ်ရက် ဖြစ်သော ကြောင့် အရောင်းအဝယ် ပိတ်ထားသည်။
လက်ရှိတွင် အီရန်နှင့် တရားဝင်သဘောတူညီချက် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးရခြင်း မရှိသေး ဘဲနောက်ဆုံး တင်ပြထားသည့် အဆိုပြုချက်အပေါ် အီရန်ဘက်မှ အတည်ပြုချက်ပေးရန် စောင့်ဆိုင်း နေဆဲ ဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သံတမန်တစ်ဦးက ဆိုသည်။
အဆိုပါ နားလည်မှုစာချွန်လွှာ (MOU) တွင် လက်မှတ်ရေးထိုးပြီးသည်နှင့် အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စစ်မဖြစ်မီ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အဆင့်ဆင့် လုပ်ဆောင်သွားရမည်ဟု အဆိုပြုချက်တွင် သတ်မှတ်ထားသည်။
ထို့ပြင် အီရန်၊ အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်များသည် လက်ဘနွန်အပါအဝင် ရှေ့တန်းစစ်မျက်နှာ အားလုံးရှိ စစ်ရေးလှုပ်ရှားမှုများကိုလည်း ချက်ချင်းရပ်ဆိုင်းရမည် ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း အမေရိကန်က ထိန်းချုပ်ပိတ်ဆို့ထားသည့် အီရန်၏ပိုင်ဆိုင်မှု ဒေါ်လာ ၁၂ ဘီလီယံကို ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ပြီး ရေလက်ကြားအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်သည်နှင့် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း အမည် မဖော်လိုသည့် အီရန်အရာရှိတစ်ဦးက ပြောကြားသည်။
ရေလက်ကြား ပြန်လည်ဖွင့်လှစ်ခြင်းလုပ်ငန်းစဉ်ကို အဆင့်ဆင့် အကောင်အထည်ဖော်သွားမည်ဟု လည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ဓာတ်ပုံ – Majid-Asgaripour/Reuters
ကိုးကား – ဝါရှင်တန်ပိုစ့်
Ref : U.S. and Iran work toward deal to extend ceasefire and reopen Strait of Hormuz