ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ မေ ၂၅ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ခုတွင် ဗိုလ်မှူးဇနီးဖြစ်သူ အထက်တန်း ပြဆရာမက Grade-12 (၁၂ တန်း) သင်ကြားခွင့်မရသဖြင့် ခင်ပွန်းဖြစ်သူထံ တိုင်ကြားခဲ့သောကြောင့် ကျောင်းအုပ်ဆရာကြီးနှင့် ပညာရေးဝန်ထမ်းများ အခက်ကြုံနေရကြောင်း ပညာရေးအသိုင်းအဝန်းထံမှ သိရသည်။

တောင်ငူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (အထက- ၅) တွင် လာမည့် ဇွန်လ ပထမအပတ် ကျောင်းဖွင့်ရာသီအတွက် Grade-10၊ Grade-11 နှင့် Grade-12 အตန်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာမများကို ကျောင်းအုပ်ကြီးက အစည်းအဝေးခေါ်ယူကာ အများဆန္ဒအရ ညှိနှိုင်းခွဲဝေပေးခဲ့သည်။

ထိုသို့ ခွဲဝေရာတွင် အထက်တန်းပြလုပ်သက်နုပြီး ယခင်က Grade-10 သာ သင်ကြားဖူးသည့် ဗိုလ်မှူးဇနီး ဒေါ်မေမြင့်စိန်သည် မကြာခဏကျောင်းပျက်ကွက်ခြင်းနှင့် အချိန်မမှန်ခြင်းတို့ကြောင့် Grade-12 သင်ကြားခွင့်မရဘဲ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများကိုသာ အများသဘောတူ ရွေးချယ်ခဲ့သဖြင့် စိတ်ဆိုးကာ ၎င်း၏ခင်ပွန်းဖြစ်သူထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းအုပ်ကြီးကအထက်တန်းပြတွေအားလုံးကို အစည်းအဝေးခေါ်ပြီး အချင်းချင်းညှိနှိုင်း ခိုင်းတာ။ Grade-12 က ကလေးတွေအတွက် အရေးကြီးတော့ အတွေ့အကြုံရှိတဲ့ ဝါရင့်သူတွေကိုပဲ သင်ခိုင်းဖို့ အများက သဘောတူတယ်။ ဒါကို ဒေါ်မေမြင့်စိန်က လက်မခံဘဲ သူ့ခင်ပွန်းကို သွားပြော တယ်။ သူ့ခင်ပွန်းက မြို့နယ်ပညာရေးမှူးကို ဖိအားပေးခိုင်းတော့တာပဲ။ နောက်ဆုံးတော့ မလွဲသာလို့ ဒေါ်မေမြင့်စိန်ကို Grade-12 သင်ဖို့ ခွင့်ပြုလိုက်ရတယ်။ ကလေးတွေ ပညာရေး အတွက်တော့ တကယ် စိတ်ပူမိတယ်” ဟု တောင်ငူရှိ အထက်တန်းပြဆရာမတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ဒေါ်မေမြင့်စိန်၏ခင်ပွန်းဖြစ်သူ ဗိုလ်မှူးအောင်မြင့်နိုင်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တောင်ငူမြို့နယ် စီမံအဖွဲ့ဝင်ဗိုလ်မှူးအဖြစ် ရောက်ရှိလာသူဖြစ်ပြီး ဒေသတွင်း စစ်မှုထမ်းကိစ္စများနှင့် လယ်ယာမြေပြဿနာများတွင် အာဏာပြခြိမ်းခြောက်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသူ ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဗိုလ်မှူးသည် အထက (၅) ကျောင်းဝင်းအတွင်း အသစ်ဆောက်လုပ်ထားပြီး လူနေထိုင်ခြင်းမရှိသေးသည့် ဝန်ထမ်းလိုင်းခန်းအသစ်ကိုပါ ၎င်းတို့မိသားစု နေထိုင်ရန်အတွက် အဓမ္မသိမ်းယူထားကြောင်း ကျောင်းအသိုင်းအဝန်းထံမှ သိရသည်။

“အဲဒီဗိုလ်မှူးလာရင် ကျောင်းသားတွေကို ဝေးဝေးရှောင်ခိုင်းထားရတယ်။ လူကောင်ကြီးတဲ့ ကလေးတွေ ကိုမြင်ရင် စစ်မှုထမ်းခေါ်မယ်ဆိုပြီး ခဏခဏ ခြိမ်းခြောက်ပြောဆိုတတ်လို့ မနည်းတောင်းပန်နေ ရတယ်။ အခု ကျောင်းဝန်းထဲက ဝန်ထမ်းလိုင်းခန်းကိုပါ သူတို့နေဖို့ သိမ်းလိုက်ပြီဆိုတော့ ကျောင်းဖွင့် ချိန် ကျောင်းသားလေးတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် မိဘတွေရော ဆရာတွေပါ စိုးရိမ်နေ ကြတယ်” ဟု ကျောင်းအသိုင်းအဝန်းနဲ့ နီးစပ်သူက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၌ စာသင်ကျောင်းများစတင်ဖွင့်လှစ်ချိန်တိုင်းတွင် အာဏာရှိနောက်ခံအသိုင်းအဝန်းနှင့် ငွေကြေးတတ်နိုင်သူများက လာဘ်ငွေထိုး၍ဖြစ်စေ၊ အာဏာပြ၍ဖြစ်စေ မိမိတို့လိုချင်သည့် ကျောင်းနှင့် အတန်းများကို ရယူလေ့ရှိကြပြီး ကျောင်းသားများ၏ စာတတ်မြောက်ရေးထက် မည်သည့်အတန်းက ကျူရှင်ပိုသင်ရမည် ဆိုသည့်အချက်ကိုသာ အဓိကဦးစားပေး ပြိုင်ဆိုင်နေကြကြောင်း ပညာရေး အသိုင်းအဝန်းက ဝေဖန်ထောက်ပြထားသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးတွင် မေ ၂၅ ရက် ယနေ့မှ စတင်၍ ကျောင်းအပ်နှံမှုများ လက်ခံနေပြီဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။