ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်းရှိ ရွာကြီးအင်းနှင့် တောင်စုကျေးရွာကြားအပြင် ဘီဗြဲစခန်းဘေးမှ ထီးလေးထာ နေရာများတွင် ဝင်ရောက်တပ်စွဲထားသော အာဏာသိမ်း ရွေးတု အစိုးရတပ်၏ စခန်း နှစ်နေရာ တိုက်ခိုက်ခံရသဖြင့် တပ်ကြပ်ကြီးအပါအဝင် ခြောက် ဦးထက်မနည်း သေဆုံး၍ ထိခိုက်မှုရှိကြောင်း အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။
အဆိုပါနေရာများတွင် ရွေးတုအစိုးရစစ်တပ်၏ စကခ-၂၀ လက်အောက်ခံ တပ်ရင်း ခမရ-၅၈၂ နှင့် ခမရ-၅၈၄ ပူးပေါင်းတပ်တို့ ဝင်ရောက်တပ်စွဲထားသဖြင့် ယခုရက်အတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) ၊ တပ်ရင်း (၈) မှ စီးနင်းတိုက်ခိုက် ချေမှုန်းခဲ့ကြောင်း ယနေ့ မေ ၂၅ ရက်တွင် KNU က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း ရွေးတုအစိုးရတပ်မှ တပ်ကြပ်ကြီးအပါအဝင် ခြောက် ဦး ထပ်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်းရှိကာ KNU တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်သလို စစ်လက်နက်ခဲယမ်းများပါ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်
ယင်းတို့မှာ MA-1 ခြောက် လက်၊ MA-3 လေး လက်၊ MA-4 တစ် လက်၊ သံခမောက် ငါး လုံး၊ ကျည်ကာ လေး စုံ၊ MA-1 ကျည်ဘောက် ၁၅ ခု၊ အီနာကာ MA ခွဲဗုံး ငါး လုံး၊ MA ကျည်ဆံ ၂၀၇ တောင့်၊ M-79 ဗုံးသီး ၁၈ လုံး၊ ခေါက်ဆိုလာ တစ် ခု၊ စကားပြောစက် တစ် လုံးနှင့် ဖုန်း တစ် လုံးတို့ဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်သည် KNU ၏ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ ခရိုင်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်က ဝင်ရောက်နေရာယူ တပ်စွဲလာသဖြင့် ထိတွေ့တိုက်ပွဲများ၊ စခန်းသိမ်း တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိကာ ရွေးတုအစိုးရတပ်ဘက်မှ ထိခိုက်သေဆုံး၊ ထွက်ပြေးမှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ -KNU (သိမ်းယူရရှိ လက်နက်ခဲယမ်းများ)