ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

 

တော်လှန်ရေးပူးပေါင်းတပ်များသည် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သရက်ကန် ပျူစောထီး စခန်းကို “တမာမြေစစ်ဆင်ရေး”အဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် (Magway PDF)က ယနေ့ မေ ၂၅ ရက်တွင် ထုတ်ပြန် သည်။

 

အဆိုပါ သရက်ကန်ပျူစောထီးစခန်းကို ပြီးခဲ့သည့် မေ ၂၂ ရက် နံနက် ၅ နာရီက စတင်၍ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မေ ၂၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ရွေးတုအစိုးရစစ်တပ်မှ လေကြောင်းပစ်ကူအကြိမ်ရေ ၄၀ ထက်မနည်း ပစ်ကူပေးပြီး ခုခံခဲ့သော်လည်း မဟာမိတ်အင်အားစု ရဲဘော်များသည် မဆုတ်မနစ် ရွပ်ရွပ်ချွံချွံဖြင့် တိုက်ပွဲစတင်ခဲ့၍ စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Magway PDF က ဆိုသည်။

 

တိုက်ပွဲအတွင်း စစ်တပ်ထံမှ ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ၆ ခြောက်လက်၊ လက်လုက် တစ် လက်နှင့် လက်နက်ခဲယမ်း တချို့အပြင် ပျူများအပါအဝင် စစ်တပ်တပ်ဖွဲ့ဝင် ၄၀ နီးပါးကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကာ ပျူစောထီးများ၏ ၅ နှစ်တာအတွင်း ဖိနှိပ်မှုဒဏ်ကို ခံခဲ့ရသည့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၄၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ဒေသတွင်း စစ်ရေးပြင်းထန်လာနိုင်ပြီး သရက်ကန်ကျေးရွာတွင်လည်း တိုက်မိုင်း၊ နင်းမိုင်း များ ထောင်ထားသည့်အတွက် ပြည်သူများအနေဖြင့် ဝင်ထွက်သွားလာခြင်း မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အသိပေးထားသည်။

“စစ်ဆင်ရေးကာလအတွင်း မိမိရဲ့အသက်ကို ပဓာနမထားဘဲ ရဲဝင့်စွာတိုက်ပွဲဝင်ခဲ့သော တပ်မှူး တပ်သား ရဲဘော်အပေါင်းကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း” Magway PDF က ဆိုသည်။

 

Magway PDF အနေဖြင့် ထိခိုက်ကျဆုံးခဲ့ရသည့် ရဲဘော်များနှင့် ပြည်သူများကို ဦးညွှတ်အလေးပြုပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်းနှင့် စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုန်းရေး၊ ဖက်ဒရ ယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောငိး အသိပေးထုတ်ပြန် ထားသည်။

 

“တမာမြေစစ်ဆင်ရေး” ကို မကွေးပြည်သူ့ကာကွယ် ရေးတပ်မတော် ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၄/၁၇ ) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး( ABSDF)၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း – ၁(MFUDC -1)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်စစ်ဌာန( ဒရုန်းတပ်ဖွဲ့ )၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မ တပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ မကွေးတိုင်းလှုပ်ရှား စစ်ကြောင်း အမှတ် ၄၊ ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ မြိုင်ပကဖအဖွဲ့ဝင်(ဂဠုန်၊ JOKER၊ GOOD BROTHER၊ TYK၊ JRF ၊ စင်္ကြာ ၊ ဝံပုလွေ) တပ်ဖွဲ့များ၊ တပ်ရင်းဆေးတပ်ဖွဲ့ ၊ မြို့နယ်ဆေးတပ်ဖွဲ့၊ မြိုင်မြို့နယ်တောင်ပိုင်းဇုန် (ပအဖ၊ ပကဖ)နှင့် တော်လှန်ပြည်သူများ စည်းစည်းလုံးလုံး ပူးပေါင်းဆောင် ရွက်ခဲ့ကြကာ မကွေး ဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးမှလည်း ပူးပေါင်းကူညီခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ-Magway PDF
ပုံစာ-သရက်ကန်ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွေ့ရစဉ်။