ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကွတ်တာမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရထားလမ်းအနီး မှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဲဒီအချိန်မှာ ခရီးသည်တင်ရထားတစ်စီး ဖြတ်သန်းမောင်းနှင်နေတာကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုပ်သံဖိုင်တွေအရ ပေါက်ကွဲမှုအရှိန်ကြောင့် ရထားတွဲနှစ်တွဲ တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့တာ ကြောင့် ကောင်းကင်ယံထဲမှာ မီးခိုးနက်တွေ အလိပ်လိုက် တက်နေခဲ့တာကို တွေ့ရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပုံမှန်အခြေစိုက်လေ့ရှိတဲ့ နေရာအနီးမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ပေါက် ကွဲမှုကြောင့် အနီးနားက အဆောက်အအုံ တော်တော်များများ ပျက်စီးခဲ့သလို လမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်ယာဉ် ၁၀ စီးထက်မနည်းလည်း ကြေမွပျက်စီးသွားခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ဒေသခံဆေးရုံတွေဆီ ပို့ဆောင်ထားပြီး အဲဒီအထဲက ၂၀ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ပါကစ္စတန်ဗဟိုအစိုးရဆီကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရဖို့ တောင်းဆိုနေတဲ့ တရားမဝင် လက် နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဘာလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) က ဒီတိုက်ခိုက်မှုကို ၎င်းတို့လုပ် ဆောင်ခဲ့တာလို့ သတင်းထောက်တွေကို ဝန်ခံခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘာလိုချီစတန်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရှာဟစ်ရစ်က အ ပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ လူအသက် ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် အလွန် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ အကြမ်းဖက်သမားတွေကို ဘယ် လိုမှ ညှာတာပေးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်ကလည်း ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ X လူမှု ကွန်ရက်ကတစ်ဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း ဖော်ပြခဲ့ပါတယ်။
ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ် ဆာဖရက်ဇ်ဘာဂ်တီကလည်း လက်နက်ကိုင်တွေဟာ အ မျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့တဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားခဲ့တာလို့ ရှုတ်ချပြောဆိုခဲ့ပြီး ဒီအကြမ်းဖက်သမားတွေကို အမြစ်ပြတ်အောင် ပြန်လည်နှိမ်နင်းချေ မှုန်းသွားမယ်လို့ X စာမျက်နှာမှာ ကတိပြုခဲ့ပါတယ်။
ပါကစ္စတန်သမ္မတ အာဆစ်ဖ်အလီဇာဒါရီကလည်း ဒီဗုံးခွဲတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်ပြီး လက်နက်ကိုင်တွေနဲ့ နောက်ကွယ်က ပံ့ပိုးပေးနေသူတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်း ရေး ဖော်ဆောင်မှုတွေမှာ ပါကစ္စတန်နိုင်ငံရဲ့ ပါဝင်ကြိုးပမ်းနေမှုတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ရည်ရွယ် နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုးကား – ABC News
Ref; Suicide bombing near a railway track in southwest Pakistan kills at least 23