ကိုကိုလေး/ဧရာတီတိုင်းမ်
ကရင်၊ ဇွန်လ ၃၀ ရက်
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါလေဒေသ၊ ဥကရစ်ထတိုက်ပွဲနှင့် ကော့ကရိတ်မြို့နယ်အတွင်းတိုက်ပွဲများအကြား စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်များထံကသိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း အာရှလမ်းဘေး၊ မွေး မြူရေးဇုန်အနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို အမည်မသိလက်နက်ကိုင်အဖွဲ့ကဇွန်လ ၂၉ ရက် မနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
“ မွေးမြူရေးဇုန်နားကတပ်စွဲထားတဲ့စခန်းပစ်ခံရတာ။ စဖြစ်တဲ့အချိန်က မနက် ၉ နာရီဝန်းကျင်လောက်က။တိုက် ပွဲကတော့ခဏပဲဖြစ်တာ၊ အဲဒီနေရာမှာ ကင်းစောင့်နေတာတွေလဲရှိတယ်၊ တပ်စွဲထားတာတွေလဲရှိတယ်။ ဘယ်အဖွဲ့ပစ်တာလဲတော့သေချာမသိရဘူး။စစ်တပ်ဘက်က ၅ ဦးထက်မနည်းသေတယ်လို့သိရတယ်။အခုလက်ရှိအနေ အထားမှာ စစ်တပ်က ကားတွေလဲအရမ်းစစ်ဆေးနေတယ်၊ လုံခြုံရေးတွေလဲတိုးမြှင့်ထားတယ်” ဟု ကော့ကရိတ်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ ဇွန် ၂၆ ရက်နေ့က စတင်တိုက်ခိုက်နေသည့် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် ယနေ့အထိ ၅ ရက်ကြာ ရှိလာပြီဖြစ်ကာ စစ်ကောင်စီဘက်က ၂၅ ထက်မနည်းထိခိုက်သေဆုံးကြောင်း မြေပြင်သတင်းရင်းမြစ်များက ဧရာဝတီတိုင်းမ်ကိုပြော သည်။
စစ်ကောင်စီဘက်မှလည်း ပူးပေါင်းအင်အားနှင့်လက် နက်ကြီးပစ်ကူများအပြင် အကြိမ်များစွာလေကြောင်းပစ်ကူပေးတိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်လည်း ကျဆုံးထိခိုက်ဒဏ်ရာရမှုများရှိနေသည်ဟုဆိုသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က အထိနာနေပြီး DKBA၊BGF တို့ဖြင့်ပူးပေါင်းအင်းအားဖြည့်တင်းနေကာ ဥကရစ်ထစခန်းသို့စစ်ကူပူးပေါင်းနိုင်ရေး အကြိမ်ကြိမ်ထိုးဖောက်ရန်ကြိုးစားနေသဖြင့် KNLA ၊ KNDO၊PDF၊ ကော်ဘရာစစ်ကြောင်းများဖြင့် နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီတပ်က ယမန်နေ့ ဇွန်လ ၂၉ ရက် ည ၉ နာရီဝန်း ကျင်ကစ၍ ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်အထိ အမြှောက်ကုန်းမှ လက်နက်ကြီး ၁၂၀ မမ ဖြင့် အဆက် မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါတိုက်ပွဲအခြေအနေအသေးစိတ်နှင့်ပတ်သက်၍ ကရင်တော်လှန်ရေးအဖွဲ့များဘက်မှလည်းတရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
စစ်ကောင်စီဘက်တွင်ထိခိုက်ကျဆုံးမှုအများအပြား ရှိနေပြီး အဆိုပါအခြေအနေများကို ထုတ်ပြန်ခြင်းမရှိဘဲ လေကြောင်းပစ်ကူများပေးပို့တိုက်ခိုက်နေသဖြင့် တော်လှန် ရေးတပ်ဖွဲ့များမှ စခန်းမသိမ်းနိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားရသည်ဟုဆိုကာ ၄င်းတို့ဝါဒဖြန့်သတင်းများတွင်ဖော်ပြထားသည်။