ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

အမေရိကန်နိုင်ငံက ဥရောပတိုက်တစ်ဝန်း စစ်အင်အား တိုးမြှင့်ချထားမယ်လို့ ရုရှားရဲ့ ယူကရိန်းကျူး ကျော်စစ်ကိုတုံ့ပြန်ဖို့ နေတိုးအဖွဲ့ခေါင်းဆောင်တွေနဲ့ နှစ်ရက်တာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ဂျိုးဘိုင် ဒင်က ကြေညာလိုက်ပါတယ်။

ရိုမေးနီးယားနိုင်ငံမှာ အင်အား ၃၀၀၀ ရှိတဲ့ တပ်မဟာတစ်ခု၊ ဗြိတိန်နိုင်ငံမှာ အက်ဖ်-၃၅ တိုက်လေယာဉ် အုပ်နှစ်ဖွဲ့နဲ့ စပိန်မှာ ဖျက်သင်္ဘောနှစ်စင်း ဖြန့်ကြက်မယ်လို့ မက်ဒရစ်မြို့တော်မှာ နေတိုးထိပ်သီးဆွေးနွေးပွဲ တက် ရောက်ဖို့ရောက်ရှိလာတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“နေတိုးအဖွဲ့ကို အရင်ကထက် ပိုလိုအပ်လာတယ်ဆိုတာ ကျွန်တော်တို့ သက်သေပြနေပါတယ်” လို့ ဂျိုး ဘိုင်ဒင်က နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဗြိတိန်နိုင်ငံကလည်း အက်စတိုနီးယားနိုင်ငံရှိ တိုက်ပွဲဝင်တပ်ဖွဲ့အင်အားကို ၁၀၀၀ ခန့်မှ ၁၇၀၀ အထိ တိုးမြှင့်ချထားမှာဖြစ်ပေမယ့် အမြဲတမ်း တပ်စွဲထားခြင်း ရှိ မရှိကတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

အက်စတိုနီးယားနိုင်ငံကနေ ဘူလ်ဂေးရီးယားနိုင်ငံအထိ နေတိုးအဖွဲ့ရဲ့ ရှေ့တန်း တိုက်ပွဲဝင်အင်အားက တပ်မဟာတစ်ခုအဆင့် ၃၀၀၀ မှ ၅၀၀၀ ထိ ရှိလာမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံကလည်း လစ်သူယေးနီးယားနိုင်ငံရှိ ရှိယင်းစွဲတပ်ဖွဲ့အင်အားကို တပ်မဟာတစ်ခုအဆင့်အထိ တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် အမှတ်ငါး ကြည်းတပ်ဖွဲ့က ပိုလန်နိုင်ငံမှာ အမြဲတမ်း အခြေစိုက်စခန်းတစ်ခု တည်ဆောက် မှာဖြစ်သလို ဘောလ်တစ်တိုင်းပြည်တွေကို တပ်ဖွဲ့တွေ ထပ်မံပို့ဆောင်မှာဖြစ်ပြီး ဂျာမနီနဲ့အီတလီမှာ လေ ကြောင်းရန်ကာကွယ်ရေးစနစ်တွေ တပ်စွဲထားမယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

အမေရိကန်နိုင်ငံက ဒီနှစ်အစောပိုင်းမှာ တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ကို ဥရောပတိုက်သို့ စေလွှတ်ခဲ့လို့ ဥ ရောပတိုက်မှာ အမေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်း တစ်သိန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ မည်သည့်တိုက်ခိုက်မှုကိုမဆို မြန်မြန်ဆန်ဆန် လက်တုံ့ပြန်နိုင်ဖို့ တပ်ဖွဲ့ဝင်သုံးသိန်းကို အ သင့်ထားရှိမှာဖြစ်တယ်လို့ နေတိုးအဖွဲ့ ကာကွယ်ရေးစီမံချက်သစ်က ဆိုပါတယ်။

ရုရှားနိုင်ငံက နေတိုးအဖွဲ့အတွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတာ တရားဝင် အသိအ မှတ်ပြုတယ်လို့ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျန်စတန်တိုဘဂ်က ပြောပါတယ်။

ကိုးကား – The Guardian
Ref; US to increase military forces across Europe, Joe Biden announces