ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မေ ၂၄ ရက်)

မီးဖိုချောင်တိုင်းမှာ ရှိကြတဲ့ အချိုမှုန့်၊ ဆားနဲ့ ကြက်သားမှုန့်တို့ဟာ ဟင်းလျာတွေကို အရသာရှိအောင် ပံ့ပိုးပေးနိုင်တာကြောင့် အိမ်ရှင်မတွေ အမြဲသုံးကြပါတယ်။ ကျန်းမာရေးအတွက် တကယ်ပဲ စိုးရိမ်ရလား၊ လုံးဝရှောင်ရမှာလားဆိုတာ အိမ်ရှင်မတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေကြားထဲမှာ အမြဲတစေ ဝေခွဲမရဖြစ်ရတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

“အရသာလည်း ရှိချင်တယ်၊ ကျန်းမာရေးလည်း ထိခိုက်မှာ စိုးရိမ်တယ်” ဆိုတာ အိမ်ရှင်မတိုင်းနဲ့ ကျန်းမာရေးလိုက်စားသူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းခတ် မှုန့်တွေနဲ့ ပတ်သက်ပြီး ကြောက်လန့်စရာ သတင်းအမှားတွေ၊ အယူအဆအမှားတွေလည်း လူမှု ကွန်ရက်ပေါ်မှာ အများကြီး ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အမေရိကန် FDA အပါအဝင် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့ အစည်းတွေရဲ့ သိပ္ပံနည်းကျ ဆန်းစစ်တွေ့ရှိချက်တွေကို အခြေခံပြီး အများပြည်သူ နားလည်လွယ်မယ့် ရှုထောင့်ကနေ တင်ပြပေးပါမယ်။

🟥အချိုမှုန့် (MSG – Monosodium Glutamate)

အချိုမှုန့်ကို လုံးဝ (လုံးဝ) မစားသင့်တဲ့ အဆိပ်အတောက်တစ်ခုလို အများစုက သတ်မှတ်ထား ကြပါတယ်။ တကယ်တော့ အချိုမှုန့်က သဘာဝအတိုင်း ခရမ်းချဉ်သီး၊ ဒိန်ခဲနဲ့ မှိုတွေထဲမှာလည်း ပါဝင်တဲ့ Glutamate (အမိုင်နိုအက်ဆစ်တစ်မျိုး) ပါပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့က အချိုမှုန့်ကို ဘေးကင်းသော အစားအစာအဖြစ် သတ်မှတ်ထားပါတယ်။ အချိုမှုန့်စားလို့ ဆံပင်ကျွတ်တာ၊ ကျောက်ကပ်ပျက်စီးတာဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက် သို့မဟုတ် ဖြေရှင်းချက် လုံးဝမရှိပါဘူး။

တကယ့်ပြဿနာကတော့ အချိုမှုန့်ထဲမှာ ဆိုဒီယမ် (Sodium) ဓာတ် ပါဝင်နေတာမို့လို့ အလွန် အကျွံစားရင် သွေးတိုးစေနိုင်ပါတယ်။ တချို့လူတွေမှာတော့ အချိုမှုန့်နဲ့ ဓာတ်မတည့်ဘဲ ခေါင်းကိုက်တာ၊ ရင်တုန်တာမျိုး (MSG Symptom Complex) ခံစားရတတ်ပါတယ်။

အချိုမှုန့်ကို စိတ်ချလက်ချ စားလို့ရပါတယ်။ ဒါပေမဲ့ ဟင်းတစ်အိုးကို ဇွန်းအကြီးကြီးနဲ့ အပြည့်ခပ် ထည့်တာမျိုး မလုပ်ဘဲ အရသာအတွက် အတန်အသင့်သာ သုံးစွဲဖို့ကိုတော့ ကျန်းမာရေးအကြံပြုချက် အနေနဲ့ အသိပေးချင်ပါတယ်။

🟥ဆား (Table Salt)

ဆားကတော့ ရှေးယခင်ကတည်းက သုံးလာတဲ့ သဘာဝအတိုင်း ရရှိတဲ့အရာမို့လို့ ပိုစိတ်ချရတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ဆားဟာ အချိုမှုန့်ထက် ပိုပြီး သတိ ထားရမယ့် ကျန်းမာရေးပြဿနာအရင်းခံ ဖြစ်ပါတယ်။ ဆားမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆိုဒီယမ်ဓာတ် သိပ်သည်းဆ အလွန်မြင့်မားစွာ ပါဝင်ပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဟင်းချက်ရင် ဆားအပြင် ငပိ၊ ငံပြာရည်၊ အချဉ်တည်ထားတဲ့ အစားအစာတွေပါ နှစ်ခြိုက်စားသုံးတတ်ကြပါတယ်။ ဆား (ဆိုဒီယမ်) အစားများခြင်းဟာ သွေးတိုး ရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ ဖြစ်ပွားရခြင်းရဲ့ အဓိက လက်သည်တရားခံ ဖြစ်ပါတယ်။

WHO ရဲ့ လမ်းညွှန်ချက်အရ လူတစ်ယောက်ဟာ တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း (၅ ဂရမ်) ထက် ပိုမစားသင့်ပါဘူး။ ဆားကို တတ်နိုင်သမျှ ထိန်းချုပ်ပြီး လျှော့စားတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

🟥ကြက်သားမှုန့် (Chicken Seasoning Powder)

“အချိုမှုန့်က မကောင်းဘူး၊ ဒါကြောင့် ကြက်သားမှုန့်ပဲ သုံးတယ်” ဆိုပြီး အစားထိုးသုံးစွဲသူတွေ အများကြီး ရှိပါတယ်။ ဒါဟာ အယူအဆအမှားဖြစ်ပါတယ်။

ဈေးကွက်မှာ ရှိနေတဲ့ ကြက်သားမှုန့်အများစုရဲ့ ပါဝင်ပစ္စည်းကို သေချာဖတ်ကြည့်လိုက်ပါ။ ကြက်သား အနှစ်တင်မကဘဲ အချိုမှုန့် (MSG)၊ ဆား၊ သကြားနဲ့ တာရှည်ခံ ဓာတုပစ္စည်းတွေ အချိုးကျ ပေါင်းစပ်ပြီး ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ ကြက်သားမှုန့် သုံးတယ်ဆိုတာ အချိုမှုန့်ရော ဆားရောကို တစ်ပြိုင်နက်တည်း စားမိနေတာပါ။

ကြက်သားမှုန့်မို့လို့ စိတ်ချရတယ်ထင်ပြီး အဆမတန် ထည့်ချက်မိရင် ဆိုဒီယမ်ဓာတ် လွန်ကဲသွားပြီး နောက်ဆက်တွဲရောဂါတွေက စောင့်ကြိုနေပါပြီ။ ကြက်သားမှုန့်ဟာလည်း ဟင်းခတ်မှုန့်တစ်မျိုးပဲမို့လို့ လုံးဝရှောင်စရာမလိုပေမဲ့ အချိုမှုန့်လိုပါပဲ၊ ပမာဏကို ကန့်သတ်ပြီးသာ စားသုံးပါ။

မီးဖိုချောင်သုံး ဟင်းခတ်အချိုမှုန့်၊ ဆား၊ ကြက်သားမှုန့်တွေက အဆိပ်အတောက်တွေ မဟုတ်တာ ကြောင့် လုံးဝ ထိတ်လန့်တကြား ရှောင်စရာမလိုပါဘူး။ ဒါပေမဲ့ စိတ်ချလက်ချ အလွန်အကျွံ စားလို့ လည်း မရပါဘူး။ မည်သည့်အမှုန့်မဆို အလွန်အကျွံစားရင် ဆိုဒီယမ်ဓာတ် လွန်ကဲပြီး ရောဂါရစေ နိုင်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဟင်းလျာတစ်ခွက် ဖြစ်လာစေဖို့ ဆိုရင်တော့ ဟင်းခတ်မှုန့်တွေကို အရသာတင်ရုံလောက်သာ လျှော့ချသုံးစွဲပြီး ဟင်းလျာရဲ့ အချိုရသာကို ပိုမိုပေါ်လွင်စေမယ့် ကြက်သွန်နီ၊ မဆလာ၊ နံနံပင် စတဲ့ သဘာဝအတိုင်းရတဲ့ အသီးအနှံတေါနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုသာ ပိုမိုတိုးမြှင့် အစားထိုး အသုံးပြုသင့်ပါတယ်။

🟥မြန်မာနိုင်ငံနှင့်အတုအပပြဿနာ

အချိုမှုန့်နဲ့ ကြက်သားမှုန့် အစစ်တွေက သတ်မှတ်ပမာဏအတိုင်း စားရင် ဘေးကင်းပေမဲ့ စျေးကွက် ထဲက အတုတွေ၊ စံမမီတဲ့ မှောင်ခိုပစ္စည်းတွေနဲ့ စည်းကမ်းမဲ့ ဝင်ရောက်လာတဲ့ တရုတ်ပြည် ထုတ် ပစ္စည်းတွေကတော့ ကျန်းမာရေးအတွက် အာမခံချက်မရှိဘဲ တကယ့်ကို အန္တရာယ် ကြီးမားလှပါတယ်။

🟥အချိုမှုန့်အတုနှင့် ကြက်သားမှုန့်အတုများ၏ အန္တရာယ်

မြန်မာနိုင်ငံ စျေးကွက်အတွင်းမှာ တရားမဝင် မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ သို့မဟုတ် ပြန်လည် အဆင့်မြှင့် ထုပ်ပိုးထားတဲ့ အချိုမှုန့်အတုနဲ့ ကြက်သားမှုန့်အတုတွေ ရှိနေတတ် ပါတယ်။

ဝိသမလောဘနဲ့ အမြတ်ကြီးစားလိုသူတွေဟာ အချိုမှုန့်အစစ်တွေထဲမှာ ယူရီးယား ပါဝင်တဲ့ ဓာတ်မြေ သြဇာ (Urea)၊ စားသောက်ကုန်သုံးခွင့်မရှိတဲ့ အခြားဓာတုပစ္စည်းတွေကို အချိုးအစား အဆမတန် ရောနှောပြီး အတုပြုလုပ်လေ့ ရှိကြပါတယ်။

🟥အချိုမှုန့်အတု(သို့မဟုတ်)ဓာတ်မြေသြဇာရောထားသော အမှုန့်များ စားမိရင်

စိုက်ပျိုးရေးသုံး ယူရီးယား ဓာတ်မြေသဩဇာတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင် ပါတယ်။ အမှတ်မထင် ရေရှည်စားမိပါက မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ဘတ်အောင့် ခြင်းနဲ့ ခေါင်းကိုက်ခေါင်းမူးခြင်းတွေကို ပြင်းထန်စွာ ခံစားရတတ်ပါတယ်။ ရေရှည်မှာ ဖြစ်တတ်တဲ့ဆိုးကျိုး တွေကတော့ အသည်းနဲ့ ကျောက်ကပ်ကို တိုက်ရိုက် ထိခိုက်ပျက်စီးစေပြီး၊ သွေးတွင်း ဓာတုဓာတ်များ မမျှတမှုဖြစ်ကာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို အဆမတန် မြင့်မားစေပါတယ်။

🟥ကြက်သားမှုန့်အတု (စံချိန်မမှီသော အမှုန့်များ)

ကြက်သားမှုန့်အတုထဲမှာ ဓာတုဆိုးဆေးတွေ၊ တာရှည်ခံဆေး (Preservatives) အပြင်းစားတွေနဲ့ စက်မှုဇုန်သုံး အရသာမှုန့်အပြင်းစားတွေကို စံချိန်စံညွှန်းမရှိ သုံးစွဲထားတတ်ပါတယ်။

သတိမပြုဘဲ စားမိတဲ့အခါ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွေးတွင်း အောက်ဆီဂျင် လျော့နည်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ အရေပြား ယားယံအဖုအပိမ့်ထွက်ခြင်း (Allergic reaction) တွေ ဖြစ်ပွားတတ်ပါတယ်။

ရေရှည်မှာဆိုရင် ကိုယ်ခံအားစနစ်ကို ပျက်စီးစေပြီး အာရုံကြောဆဲလ်တွေကို ထိခိုက်စေတဲ့အတွက် ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပါတယ်။

🟥အိမ်ရှင်မများအတွက် အတုအပရန်မှ ကာကွယ်ရန် နည်းလမ်းများ

အိမ်ရှင်မများအတွက် ဈေးဝယ်တဲ့အခါ အတုအပရန်မှ ကာကွယ်ဖို့ဆိုရင်တော့ ဝယ်ယူလိုတဲ့တံဆိပ်နဲ့ တရားဝင်စစ်ဆေးချက်ရယူထားတဲ့ FDA နံပါတ်ကို စစ်ဆေးပါ။ စျေးကွက်ထဲမှာ ကျော်ကြားပြီးသား လူသိများတဲ့ အမှတ်တံဆိပ်ကြီးတွေကိုပဲ ရွေးချယ်ပါ။

ထုပ်ပိုးမှုပေါ်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရဲ့ ထောက်ခံချက်ပါ မပါကို သေချာကြည့်ရှုပါ။ စျေးနှုန်း ပုံမှန်ထက် ချိုနေလျှင် အတုလားဆိုတာ သံသယထားပါ။ အရည်အသွေးတူ ပစ္စည်းချင်း ဖြစ်သော်လည်း စျေးနှုန်းက သာမန်ထက် ထက်ဝက်မက သက်သာနေရင် အတုတွေ သက်တမ်း ကုန်ပစ္စည်းတွေ ဖြစ်နိုင်ခြေ အလွန်များပါတယ်။

အရောင်နဲ့ အမှုန့်ပုံစံကို သတိထားစစ်ဆေးဝယ်ယူပါ။ အချိုမှုန့်အစစ်က ကြည်လင်ပြီး အပ်ချောင်း ပုံစံပုံဆောင်ခဲလေးတွေ ဖြစ်ပါတယ်။ အမှုန့်တွေက ဖြူဖွေးမနေဘဲ မွဲခြောက်ခြောက်ဖြစ်နေရင်ဖြစ်စေ ကြက်သားမှုန့်က ခဲနေရင် ဖြစ်စေထူးဆန်းတဲ့ အနံ့စူးစူး ရရင်ဖြစ်စေ လုံးဝ (လုံးဝ) မသုံးစွဲသင့်ပါ။

အိမ်ရှင်မများသို့ မှာချင်တာက အစစ်ကိုပဲ ဝယ်ယူပြီး နည်းနည်းချင်း ချွေတာသုံးစွဲခြင်းက အတုတွေကို စျေးပေါပေါနဲ့ ဝယ်ယူပြီး မိသားစုကျန်းမာရေးကို လောင်းကြေးထပ်ခြင်းထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပါတယ်။

အားလုံးပဲ ကျန်းမာတဲ့ မိသားစုစားပွဲဝိုင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ နောက်တစ်ပတ်မှာတော့ “မိုးရာသီ နှင့် အင်းဆက်ပိုးမွှား” ကျန်းမာရေးဆောင်းပါကို ဖော်ပြပေးပါမယ်။