နိုင်ငံတကာခေတ်ပြိုင်ရုပ်ပုံလွှာများ (၃)
===
တစ္ဆေများနှင့်ကခုန်သူ

ဝေးဝေး
ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

ကမ္ဘာပေါ်မှာ နှင်းကျားသစ် အရေအတွက်ဟာ များများစားစား မရှိပါဘူး။ ဒီကျားသစ်တွေကို လေ့လာစောင့်ရှောက်နေတဲ့ ပညာရှင်တွေလည်း များများစားစား မရှိလောက်ပါဘူး။ ဒေါက်တာ ကူစတွပ်ဘ် ရှာမာ ဟာ သူတို့အထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နှင်းကျားသစ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကြီးဖြစ်တဲ့ Snow Leopard Trust ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဒါရိုက်တာ ဖြစ်ပါတယ်။

နှင်းကျားသစ်တွေကို “တောင်တန်းတွေရဲ့ တစ္ဆေများ” (Ghosts of the Mountains) လို့ လူတွေက ကင်ပွန်းတပ်ကြတယ်။ တချို့ကလည်း “ဟိမဝန္တာရဲ့ တစ္ဆေများ” လို့ ခေါ်ကြပါတယ်။ သူတို့ရဲ့ တိတ်ဆိတ်မှု၊ လျင်မြန်မှုနဲ့ မြင်တွေ့ရဖို့ ခက်ခဲလွန်းတဲ့ သဘာဝကြောင့် အခုလို တစ္ဆေဘွဲ့ကို ရရှိတာဖြစ်ပါတယ်။ သူတို့ဟာ အမြင့်ထောင်ပေါင်းများစွာရှိတဲ့ တောင်တန်းတွေပေါ်မှာ နေထိုင်နိုင်ပြီး ပတ်ဝန်းကျင်က နှင်းခဲတွေကြားမှာ ကိုယ်ယောင်ဖျောက်နေနိုင်ကြတဲ့ ’ဧရာမကြောင်ကြီး’ တွေပါ။

“လျှို့ဝှက်သောနှင်း” ဆိုပါတော့။

အိန္ဒိယနိုင်ငံသား ဒေါက်တာရှာမာဟာ ဘိုဖာတက္ကသိုလ် ကနေ ရူပဗေဒဘာသာနဲ့ မာစတာဘွဲ့ကို ရခဲ့သူပါ။ ဒါပေမဲ့ ထူးခြားတာက ပီအိတ်ချ်ဒီ (Ph.D) ဒေါက်တာဘွဲ့ကိုတော့ မူဘိုင်းတက္ကသိုလ်ကနေ တောရိုင်းတိရစ္ဆာန်များဆိုင်ရာ သတ္တဗေဒနဲ့ ရရှိခဲ့တာပါ။

တစ္ဆေတွေကို စိတ်ဝင်စားတဲ့ ဒေါက်တာရှာမာဟာ ၂၀၀၇ ခုနှစ်မှာ မူဘိုင်းတက္ကသိုလ်က ဘွဲ့ရပြီးကတည်းက Snow Leopard Trust အဖွဲ့ကြီးကို ဝင်ခဲ့တာပါ။ ဒီလိုနဲ့ သူဟာ တစ္ဆေတွေနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။

သူ့ဘဝမှာ ပထမဆုံး တစ္ဆေကို မြင်ဖူးတာကို ဒေါက်တာရှာမာက အခုလို ပြောပြပါတယ်။

“မွန်ဂိုလီးယားရဲ့ ဂိုဘီဒေသမှာ ကျွန်တော်တို့ တောင်ဆိတ်အသေတစ်ကောင်ကို တွေ့တယ်။ (တစ်ယောက်က) အချက်အလက်ယူဖို့ ရှေ့ကို တိုးသွားတယ်။ ရုတ်တရက်ပဲ လေတိုးသံတစ်ခုကို ကျွန်တော် ကြားလိုက်ရတယ်။ ဘယ်က ရောက်လာမှန်းမသိတဲ့ မျက်နှာအကျားကြီးနဲ့ နှင်းကျားသစ်က ကျွန်တော့်ရှေ့မှာ ပေါ်လာတော့တာပဲ” လို့ သူက ပြန်ပြောပြပါတယ်။

“သူနဲ့ ကျွန်တော် ၃ ပေလောက်ပဲ ဝေးတယ်” လို့ ဒေါက်တာရှာမာက ဆိုတယ်။

ကျားသစ်က စက္ကန့်အနည်းငယ်ကြာအောင် သူ့ကို စိုက်ကြည့်ပြီး ပြေးလွှားပျောက်ကွယ်သွားပါတယ်။

“မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့ ဒီစက္ကန့်ပိုင်းလေးဟာ နှင်းကျားသစ်တွေနဲ့ ပတ်သက်ရင် ကျွန်တော့်ရဲ့ ပထမဆုံးနဲ့ အနှစ်ခြိုက်ဆုံး အတွေ့အကြုံပါပဲ။”

တကယ်တော့ နှင်းကျားသစ်တွေဟာ ခြေရာခံလိုက်ဖို့ အခက်ခဲဆုံး သတ္တဝါတွေဖြစ်ပါတယ်။ “ဒီအလုပ်မှာ တစ်ဘဝလုံးကို နှစ်မြှုပ်ထားမယ်ဆိုရင်တောင် ရှင်အလွန်ဆုံး တွေ့ရရင် တစ်ကြိမ်ပဲ” လို့ ဥဇဘက်ကစ္စတန်မှာ နှင်းကျားသစ်တွေကို လေ့လာနေတဲ့ ပညာရှင် မာရီယာ ဂရစ်ဆီနာက ပြောပါတယ်။

“နှင်းကျားသစ်ကို တွေ့ဖူးလား” လို့ မေးတာဟာ “တစ္ဆေမြင်ဖူးလား” လို့ မေးရသလိုပါပဲ။ ကမ္ဘာပေါ်မှာ နှင်းကျားသစ် အရေအတွက်ဟာ ၃,၉၀၀ ကနေ ၆,၃၀၀ ကြားမှာပဲ ရှိတယ်လို့ Snow Leopard Trust အဖွဲ့က မှတ်တမ်းတင်ပါတယ်။

နှင်းကျားသစ်တွေဟာ အိန္ဒိယ၊ တရုတ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ ရုရှားတို့အပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှာပဲ ရှိတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ နှင်းဖုံးတဲ့ ရေခဲ တောင်ကြီးတွေ ရှိပေမဲ့ နှင်းကျားသစ်ရှိတယ်ဆိုတဲ့ အထောက်အထားတော့ မရှိပါဘူး။ သုတေသနပြု မှတ်တမ်းတင်တာတွေ သေသေချာချာ မလုပ်နိုင်သေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့မှာတော့ အသေအချာ ရှိနေလို့ပါ။

နှင်းကျားသစ်ရှိတဲ့ ၁၂ နိုင်ငံ စုပေါင်းပြီး “ကမ္ဘာလုံးဆိုင်ရာ နှင်းကျားသစ်နဲ့ ဂေဟစနစ် ကာကွယ်စောင့်ရှောက်ရေး ပရိုဂရမ်” (Global Snow Leopard & Ecosystem Protection Program – GSLEP) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒေါက်တာရှာမာဟာ ဒီအဖွဲ့ကြီးရဲ့ “တစ္ဆေပညာရှင်” တစ်ဦး ဖြစ်ပါတယ်။

နှင်းကျားသစ်တွေကို လေ့လာဖို့အတွက် “ကင်မရာထောင်ချောက်” (Camera Trap) တွေကို သုံးကြရပါတယ်။ ကင်မရာထောင်ချောက်တွေကို အသုံးပြုတဲ့နေရာမှာ ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်ကနေ စဉ်းစားကြဖို့လည်း လိုတယ်လို့ ဒေါက်တာရှာမာက မှတ်ချက်ချပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ တစ်ခါတရံ ကင်မရာထဲက မြင်ကွင်းမှာ လူဝင်လာတတ်လို့ပါပဲ။ ဒီလူဟာ သာမန်ပြည်သူ ဖြစ်နိုင်သလို တောရိုင်းတိရစ္ဆာန် မုဆိုးလည်း ဖြစ်နိုင်ပါတယ်။

“ကင်မရာထဲမှာ လူပုံပါလာရင် သုတေသီတွေအနေနဲ့ ဥပဒေပိုင်းရော၊ ကျင့်ဝတ်ပိုင်းပါ ချိန်ဆစဉ်းစားရတယ်” လို့ သူက ရှင်းပြပါတယ်။

“တစ်ဖက်မှာ လူတစ်ဦးရဲ့ လွတ်လပ်ခွင့်ကို လေးစားဖို့ လိုအပ်ပြီး၊ နောက်တစ်ဖက်မှာတော့ ဥပဒေနဲ့မညီတာတွေ လုပ်နေတာကို တွေ့ရင် အကြောင်း ကြားဖို့က ပြည်သူ့တာဝန် ဖြစ်နေလို့ပါ။”

နှင်းကျားသစ်တွေကို အခြိမ်းခြောက်ဆုံးအရာကတော့ ‘တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်း’ (Poaching) ပဲ ဖြစ်ပါတယ်။ ၂၀၀၈ နဲ့ ၂၀၁၆ ကြားမှာ တစ်နေ့ကို နှင်းကျားသစ် တစ်ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကမ္ဘာကြီးဟာ တစ်နှစ်တစ်နှစ်ကို နှင်းကျားသစ်ကောင်ရေ ၂၂၀ နဲ့ ၄၅၀ ကြားမှာ ဆုံးရှုံးနေခဲ့ရပါတယ်။

မုဆိုးတွေဟာ နှင်းကျားသစ်တွေရဲ့ အစာဖြစ်တဲ့ တောင်ဆိတ်၊ သမင်နဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်ကြပါတယ်။ ဒါကြောင့် တစ္ဆေတွေရဲ့ စားကျက်တွေ ဆုံးရှုံးကြရပါတယ်။ တိရစ္ဆာန်မွေးမြူရေးသမားတွေကလည်း သူတို့အကောင်တွေကို သတ်ဖြတ်လို့ဆိုပြီး နှင်းကျားသစ်တွေကို ပြန်လည်သတ်ဖြတ်ကြပါတယ်။

နောက်ထပ် ကြီးမားတဲ့ ခြိမ်းခြောက်မှု နှစ်ခုကတော့ ‘သတ္တုတူးဖော်ခြင်း’ (Mining) နဲ့ ‘ရာသီဥတုပြောင်းလဲခြင်း’ (Climate Change) တို့ပဲ ဖြစ်ပါတယ်။ တစ္ဆေတွေ ကျက်စားရာနေရာတွေမှာ အပူချိန်ဟာ တရိပ်ရိပ် တက်လာနေပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ကမ္ဘာ့နှင်းကျားသစ် အရေအတွက်ရဲ့ ထက်ဝက်လောက် နေထိုင်တဲ့ တိဘက်ကုန်းပြင်မြင့်ဒေသမှာ အပူချိန် ၃ ဒီဂရီ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ဂေဟစနစ်ကို ပြောင်းလဲစေခဲ့ပြီး နှင်းကျားသစ်တွေရဲ့ စားကျက်တွေကို ဖျက်ဆီးစေခဲ့ပါတယ်။

ဒါပေမဲ့ ဒေါက်တာရှာမာတို့လို ပညာရှင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုက အချည်း နှီး မဖြစ်ပါဘူး။ ဒါပေမယ့်ဒေါက်တာရှာမာတို့လိုပညာရှင်တွေရဲ့ကြိုးပမ်းအားထုတ်မှုကအချီးနှီးမဖြစ်ပါဘူး။နှင်းကျား သစ်တွေဟာမျိုးတုန်းပျောက်ကွယ်သွားတောမယ့်တိရစ္ဆာန် (Endangered)စာရင်းကနေ (ပျောက်ကွယ်ဖို့)လွယ်ကူတဲ့(Vulnerable)အဆင့်ကို၂၀၁၇ခုနှစ်မှာရောက်လာခဲ့ပါတယ်။ဒါဟာသဘာဝကြီးအတွက်သတင်းကောင်းတစ်ခုဖြစ်ပါတယ်။

အခုတော့ Microsoft ရဲ့ အကူအညီနဲ့ ဒေါက်တာရှာမာတို့ အဖွဲ့ဟာ နှင်းကျား သစ်တွေကို စောင့်ကြည့်ထိန်းသိမ်းနေကြပါပြီ။ ကင်မရာထောင်ချောက်တွေကရတဲ့ ပုံတွေကို AI က အတိအကျ ဖတ်ပေးနိုင်လို့ပါပဲ။ ကင်မရာထဲက မြက်ပင်တစ်ပင်ရဲ့ ထိပ်ဖျားလေးကိုတောင် အမိအရ ဖမ်းဆုပ်နိုင်တယ်လို့ ဒေါက်တာရှာမာက ပြောပါတယ်။

လူတွေမှ မဟုတ်ပါဘူး။ တစ္ဆေတွေလည်း AI နည်းပညာကနေ ပြေးမလွတ်တော့ပါဘူး။

(Snow Leopard Trust၊ Sanctuary Asia Foundation၊ BBC ရဲ့ ’The Ghost of the Mountain’ နဲ့ YouTube က အချက်အလက်များကို အခြေခံပြီး ပြန်လည်ရေးသားထားပါတယ်)

#နိုင်ငံတကာခေတ်ပြိုင်ရုပ်ပုံလွှာများ #တစ္ဆေများနှင့်ကခုန်သူ #အက်ဆေး #AyeyarwaddyTimes

မှတ်ချက်။ ။ “ကမ္ဘာတစ်လွှားက လူသားတို့၏ ထူးခြားသော ဘဝပုံရိပ်များ” ကို ဧရာဝတီတိုင်းမ် ပရိသတ်များအတွက် (၂) ပတ်လျှင် တစ်ကြိမ်၊ တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမည့် “နိုင်ငံတကာ ခေတ်ပြိုင်ရုပ်ပုံလွှာများ” အစီအစဉ်သစ် ဖြစ်ပါသည်။

ယခုကဏ္ဍတွင် ထင်ရှားကျော်ကြားသူများအကြောင်းထက် ကမ္ဘာ့အနှံ့အပြား၌ ထူးခြားသော ဖြတ်သန်းမှု၊ ရုန်းကန်မှုများနှင့်အတူ ဘဝကို အဓိပ္ပာယ်ရှိရှိ ပုံဖော်နေကြသည့် လူသားတစ်ဦးချင်းစီ၏ ပရိုဖိုင်များကို ရသအက်ဆေးပုံစံဖြင့် တင်ဆက်သွားမည် ဖြစ်ပါသည်။