ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ရရှိလာမည့် အခွန်ဘဏ္ဍာငွေများဖြင့် ရခိုင်ပြည်နယ် အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် “အာရက္ခလောင်ပိုင်ထီ” ကို လာမည့် ဇူလိုင်လမှစတင်၍ တရားဝင် ဖွင့်လှစ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း သိရသည်။
အာရက္ခလောင်ပိုင်ထီကို လာမည့် ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ထီလက်မှတ်တစ်စောင်လျှင် မြန်မာ ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀ အပါအဝင် ဆုမဲပေါင်း ၃၉ ဆုအထိ ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ပြည်သူများအနေဖြင့် ဒေသတွင်း ဘဏ္ဍာငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သည့်အနေဖြင့် အာရက္ခလောင်ပိုင်ထီကို ဝယ်ယူကံစမ်းနိုင်ပြီး ဆုမဲများအဖြစ် အမြင့်ဆုံး ကျပ်ငွေသိန်း ၅၀၀၊ သိန်း ၃၀၀၊ သိန်း ၁၀၀၊ သိန်း ၅၀၊ သိန်း ၂၀ နှင့် ကျပ် ၁၀ သိန်း အစရှိသဖြင့် အဆင့်ဆင့် ချီးမြှင့်သွားမည်ဖြစ်ကာ တစ်လလျှင်တစ်ကြိမ် လဆန်း ၁ ရက်နေ့တိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂဏန်း ၆ လုံးပါဝင်သည့် အာရက္ခလောင်ပိုင်ထီစာအုပ်များကို ရခိုင်ပြည်နယ်အတွင်းရှိ နီးစပ်ရာ အာရက္ခ လောင်ပိုင်ဌာနခွဲများတွင် ဖွင့်လှစ်ထားသော လောင်ပိုင်အရောင်းဆိုင်များ၌လည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အကောက်ခွန်နှင့် အခွန်ဌာနရုံးများတွင်လည်းကောင်း စနစ်တကျ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
ထီကံထူးသူများအနေဖြင့် အာရက္ခလောင်ပိုင်ဆုမဲများကို ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခ လောင်ပိုင်ဌာနခွဲ အရောင်းဌာနများမှတစ်ဆင့် တရားဝင် ဆက်သွယ်ထုတ်ယူနိုင်ကြောင်း သိရသည်။
ပုံစာ – အာရက္ခလောင်ပိုင်ထီနမူနာ။