ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြင်တွင် ရွေးတုအစိုးရစစ်တပ်၏ တပ်စခန်းများကို အာရက္ခတပ်တော် (AA) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာချိန်တွင် စစ်တပ်က မြို့နယ်အတွင်း ညမထွက်ရ အမိန့်နှင့်အတူ လမ်းပေါ်ထွက်သူများကို အသေပစ်ခတ်ရန် ပစ်မိန့်များပါ ထုတ်ပြန်လာကြောင်း ဒေသခံများ ထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်က စစ်တွေမြို့ပြင်ရှိ ရဲရိုးပြင်နှင့် တောကန်ကျေးရွာတို့တွင် စစ်ကူအင်အား ဖြည့်တင်းမှုများ လုပ်ဆောင်လာပြီးနောက် ပြီးခဲ့သည့် မေ ၁၃ ရက်မှ မေ ၁၅ ရက်အထိ AA နှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် မေ ၁၉ ရက်တွင် စစ်တွေမြို့အတွင်း ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို တိုးမြှင့်ထုတ်ပြန်လိုက်ပြီး အမိန့်တစ်စုံတစ်ရာ မရရှိဘဲ လမ်းပေါ် ထွက်လာသူ မည်သူ့ကိုမဆို အသေပစ်ခတ်ရန် ရှေ့တန်းစစ်သားများကို ပစ်မိန့်များ ပေးထားကြောင်း သိရသည်။
“အရင်ခတ်ထားတဲ့ ခြံစည်းရိုးတွေကို သံဇကာနှစ်ထပ်၊ နှစ်ထပ်သံတိုင်တွေနဲ့ အခိုင်အမာ ပြန်ဆောက် တယ်။ ဘန်ကာတွေကိုလည်း ပေအနည်းငယ်စီပဲ ခြားပြီး ထပ်ဆောက်ထားတာ အများကြီးပဲ” ဟု စစ်တွေမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက်ရှိ ခြံစည်းရိုးများကို အခိုင် အမာ ပြန်လည်မွမ်းမံလာပြီး၊ ကွန်ကရစ်ဘန်ကာများကိုပါ အများအပြား တည်ဆောက်ကာ မြို့တွင်းခံစစ်အတွက် အပြည့်အဝ ပြင်ဆင်နေကြသည်။
ထို့ပြင် ရွှေမင်းဂံဆိပ်ကမ်းနှင့် ဇော်မဒက် စသည့်နေရာများသို့လည်း မေလ ဒုတိယပတ်မှစတင်ကာ ကျောက်ဖြူမြို့ဘက်မှ ခေါ်ဆောင်လာသည့် စစ်ကူအင်အားများကို ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။
စစ်တွေမြို့ ခံစစ်အတိုက်အခိုက်အတွက် စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူးကိုယ်တိုင် ဦးဆောင်လျက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ခလရ (၂၀) အတွင်း စစ်အင်အားများ အလုံးအရင်း ပြင်ဆင်နေပြီး မြို့စွန်တွင်ရှိသည့် စစ်လက်နက်စုဆောင်းရေးတပ်မှ လက်နက်ခဲယမ်းများကိုလည်း ဒကစအနီးရှိ ခြေကုပ်စခန်းအတွင်းသို့ ကြိုတင်ရွှေ့ပြောင်းထားရှိပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ – စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက်တွေ့ရစဉ်။