ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

 

တရုတ်နိုင်ငံအလယ်ပိုင်း ရှန်းဇီးပြည်နယ်က ကျောက်မီးသွေးတွင်းတစ်ခုမှာ ဂတ်စ်အိုး ပေါက်ကွဲမှု ကြောင့် လူ ၈၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

 

ချန်ကျိမြို့မှာရှိတဲ့ အဆိုပါကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့ ဒေသစံ တော်ချိန် ည ၇ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာလို့ ဆင်ဟွာ (Xinhua) သတင်းဌာနက ဆိုပါတယ်။

 

ပေါက်ကွဲမှုဖြစ်ချိန်မှာ အလုပ်သမား ၂၀၀ ကျော် တာဝန်ကျနေတာဖြစ်ပြီး အဲဒီထဲက ၈၂ ဦး သေ ဆုံးကြောင်း အတည်ပြုထားတာ ဖြစ်ပါတယ်။လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူ ၉ ဦးကို ရှာဖွေနိုင်ဖို့အတွက် ကယ်ဆယ်ရေးလုပ် ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒဏ်ရာရရှိသူတွေကို ကုသပေးနိုင်ရေး အစွမ်းကုန် ကြိုးပမ်းကြဖို့ ညွှန်ကြားထားသလို အာဏာပိုင်တွေအနေနဲ့လည်း မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို သေချာစုံ စမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူဖို့ တိုက်တွန်းထားပါတယ်။

 

တရုတ်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ကျောက်မီးသွေးတွင်း မတော်တဆမှုတွေ ခဏခဏ ဖြစ်ပွားလေ့ရှိတာကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုပိုင်းနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာ တွေ ဖြစ်နေရပါတယ်။

 

ကိုးကား – NHK
Ref; At least 82 dead in Chinese coal mine explosion