ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

 

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဆားတွင်းကျေးရွာကို ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဘုန်းကြီးကျောင်းမှ နာယကဆရာတော်အပါအဝင် ဒေသခံများထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုများ ရှိကြောင်း သိရသည်။

 

ယမန်နေ့ မေ ၂၃ ရက် ညနေ ၆ နာရီ ၂၅ မိနစ်အချိန်တွင် ဆားတွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“ကသုံးလုံး(ကသာ၊ကောလင်း၊ကန့်ဘလူ)နယ်မြေတွေမှာ စစ်ရေးမတည်ငြိမ်နေတော့ ဝန်းသိုမြို့နယ်တွေ မှာလည်း စစ်ကြောင်းထိုးတာနဲ့ လေကြောင်းအန္တရာယ်တွေကို နားစွင့်ပါ။ ဒေသခံတွေ သတိဝရိယနဲ့ နေကြဖို့ လိုပါတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသည့် ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ကျောင်းတိုက်ရှိ ဦးစီးပဓာန နာယကဆရာတော် ထိခိုက်မှုရှိခဲ့ပြီး ကျောင်းဝန်းအ တွင်း ရေချိုးရန်ရောက်ရှိနေသည့် ၁၄ နှစ်အရွယ် ယောက်ျားလေး သုံး ဦး ဗုံးထိမှန်ခဲ့ကာ နှစ်ဦးမှာ ဆေးရုံပို့ ဆောင်သည့်လမ်းတွင် သေဆုံးသွားသည်။

ဗုံးကြဲချတိုက်ခိုက်သည့်အတွက် ဘုန်းကြီးကျောင်းဆောင်နှင့် ဇရပ်ဆောင်များအပြင် ပြင်ပစစ်ဘေး ရှောင်တဲများပါ ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့သည်။

 

ဝန်းသိုမြို့နယ်အတွင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ကာမီကာဇေဒရုန်းများဖြင့် တိုက်ခိုက် မှုများရှိနေပြီး တပ်မ (၃၃) လက်အောက်ခံ ခမရ ၁၂၀ နှင့် ခမရ ၁၁၁ တပ်တို့မှလည်း ဝန်းသိုမြို့နယ် ကျောက်တိုင်တောင်ရိုးသို့ နယ်မြေစိုးမိုးမှုရရှိနိုင်ရေးနှင့် ရိက္ခာစုဆောင်းနိုင်ရေးတို့အတွက် စစ်အင်အား များ ဖြည့်တင်းထားရှိမှုရှိကြောင်း သိရသည်။

 

ပုံစာ- ဝန်းသိုရှိ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီးနောက်တွေရစဉ်။