ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မမှ ဒုနည်းဗျူဟာမှူး၊ တပ်ရင်းမှူး‌ လေးဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးတို့သည် ရွေးတုအစိုးရစစ်တပ်ထံ လက်နက်ချ ဘက်ပြောင်းသွားသဖြင့် အမည်ပျက်စာရင်းသွင်း၍ မျက်ကွယ်ပြစ်ဒဏ်ချမှတ်‌ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ တပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့ပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများကိုပါ မတရားယူဆောင်၍ စစ်ဆင်ရေးနယ်မြေကို စွန့်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်စည်းကမ်းဖောက်ဖျက်မှု ပြစ်မှုများအပေါ် မူတည်၍ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း မေ ၂၃ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့သည် တပ်ဖွဲ့ပိုင်ပစ္စည်း၊ ဘဏ္ဍာငွေများ ယူဆောင်ကာ တပ်ကိုစွန့်ခွာသွားခြင်းနှင့် စစ်ဆင်ရေးနယ်မြေကို စွန့်ခွာသွားခြင်းစသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ကြသည့်အတွက် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တပ်မ၏ စစ်ဦးစီးအဖွဲ့ အစည်းအဝေး (၃/၂၀၂၆) ဆုံးဖြတ်ချက်အရ အရေးယူမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း MDY–PDF က ဆိုသည်။

အလားတူ အာဏာလုစစ်တပ်ထံ ထွက်ပြေးဘက်ပြောင်းသွားသည့် အခြားတပ်ဖွဲ့ဝင် ကိုးဦးကိုလည်း အမည်ပျက်စာရင်း တင်သွင်းထားကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက မေ ၁၈ ရက်တွင် သီးခြားထုတ်ပြန်ထားသည်။

အဆိုပါ သရက်ခရိုင်မှ ဘက်ပြောင်းသွားသူ ကိုးဦးသည် တပ်တွင်းရှိ ကျန်ရစ်သည့် တပ်ဖွဲ့ဝင်များထံ ဆက်သွယ်ကာ လိုက်လံစည်းရုံးမှုများ ပြုလုပ်နေသဖြင့် စစ်ရေးသတင်းလုံခြုံမှုအရ လက်ရှိတွင် ရှေ့တန်းကင်းစခန်းနေရာ အချို့ကို အရေးပေါ် ရွှေ့ပြောင်းထားရကြောင်းလည်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မအနေဖြင့် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် စစ်သည်တော်ကျင့်ဝတ်များနှင့် စစ်စည်းကမ်း ကောင်းမွန်ရေးတို့ကို အထူးအလေးပေး လေ့ကျင့်တည်ဆောက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မအနေဖြင့် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် စစ်သည်တော်ကျင့်ဝတ်များနှင့် စစ်စည်းကမ်း ကောင်းမွန်ရေးတို့ကို အထူးအလေး ပေး လေ့ကျင့်တည်ဆောက်လျက်ရှိသည်ဟု ဆို သည်။

ဓာတ်ပုံ-MDY-PDF