ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သင်မန်းကုန်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသူများအား ရွေးတုအစိုးရက ထောက်ပံ့မှုများ ပြုလုပ်ရာတွင် အမှန်တကယ် ပျက်စီးဆုံးရှုံးခဲ့သူများ ကျန်နေပြီး ပျက်စီးမှုမရှိသည့် အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများသာ ထောက်ပံ့ကြေးများ ရရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ခြေပျက်စီးပြီး မိသားစုဝင်များပါ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံ တက်ရောက် ကုသခဲ့ရသည့် အိမ်ထောင်စုအချို့မှာ ယနေ့အထိ ရွေးတုအစိုးရ၏ ထောက်ပံ့ကူညီမှု တစ်စုံတစ်ရာ မရရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့အိမ်က ပျက်စီးသွားပြီး အိမ်သားတွေလည်း ထိခိုက်လို့ ဆေးရုံအထိ ရောက်ခဲ့ရတာ။ အခု ထောက်ပံ့တော့ ကျွန်တော်တို့ မိသားစု တစ်ပြားမှ မရဘူး။ မပျက်စီးတဲ့လူတွေကျတော့ ရကြတယ်။ မြေစိုက်အိမ်နဲ့နေတဲ့သူက နှစ်ထပ်တိုက်အဆင့် ပျက်စီးမှုပုံစံမျိုးနဲ့ ထောက်ပံ့ကြေးရနေသလို လုံးဝ မပျက်စီးတဲ့ အိမ်အချို့လည်း ရနေကြတယ်” ဟု ငလျင်ဘေးကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခု လိုက်လံထောက်ပံ့ပေးနေသည့် ပစ္စည်းများနှင့် ငွေကြေးပမာဏမှာ အိမ်ထောင်စုတစ်စုလျှင် ဘိလပ်မြေအိတ် ၁၀၀၊ သွပ်ပြားများ၊ သံ ၂ တန်နှင့် ငွေကျပ် သိန်း ၁၀၀ မှ ၅၀၀ အထိ ဖြစ်ပြီး လက်ရှိမြေပြင်တွင်မူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် နီးစပ်အဆင်ပြေသူများသာ ရွေးချယ်ခံရကာ ရရှိနေခြင်းဖြစ်ကြောင်း ဒေသခံများက ထံမှ သိရသည်။

ထောက်ပံ့မှုစာရင်းတွင် ကျန်ရစ်နေသည့် ဒေသခံများက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွား ရောက်ပြောဆိုရာတွင် ငလျင်ကယ်ဆယ်ရေးကိစ္စရပ်များကို တာဝန်ယူကိုင်တွယ်နေသည့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဇော်ဇော်ဌေးက ပြည်သူများကို အတွေ့မခံဘဲ မကြာခဏ တိမ်းရှောင် နေကြောင်းဒေသခံများက ဆိုသည်။

ထို့ပြင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဌေးက အဆိုပါကိစ္စနှင့်ပတ်သက်၍ မတရားမှုကို ကြုံနေရ ပြီး ကျေနပ်ခြင်းမရှိပါက “တိုင်ချင်ရာတိုင်” ဟု ရိုင်းစိုင်းစွာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပုံစာ – မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြီးနောက် ပျက်စီးဆုံးရှုံးခဲ့သည့် မြင်ကွင်းတစ်ခု။

#ရမည်းသင်းမြို့နယ် #ငလျင်ဘေးထောက်ပံ့ကြေး #အဂတိလိုက်စား #ဒုမြို့နယ်အုပ်ချုပ်ရေးမှူး #ဦးဇော်ဇော်ဌေး #ပြည်သူများကျန်ရစ်