ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ နခွန်ရက်ချာစီမာ(ကိုရတ်) ခရိုင်အတွင်းရှိ ရထားလမ်းအနီး အမှိုက်စွန့်ပစ်ရာနေရာတခုတွင် အသက် ၃၅ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးကို ဓားဖြင့်ထိုးကာဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့သည့် ထိုင်းလူငယ် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေ ၂၀ ရက်နေ့တွင် ဘူတာရုံအနီးလဲကျနေပြီး ဓားဒဏ်ရာပြင်းထန်စွာရရှိထားသည့် မြန်မာအလုပ်သမားကိုအောင်ဇော်ကို မဟာရတ်နခွန်ရက်ချာစီမာဆေးရုံသို့ ပို့ဆောင်ထားစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဓားထိုးမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးခဲ့ရာ ဓားထိုးမှုကျူး လွန်သူများမှာ အသက် ၁၃ နှစ်မှ ၁၉ နှစ်အရွယ် ထိုင်းလူငယ် လေး ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ၁၄ စင်တီမီတာအရှည်ရှိ ဓားတစ်ချောင်းကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ အသက် ၁၉ နှစ်အရွယ် ပါပန်ကွန် (Papangkorn) ဆိုသူက မြန်မာနိုင်ငံသားကို ဓားဖြင့်ထိုးခဲ့ကြောင်း ဝန်ခံခဲ့ပြီး ကျန်လူငယ်များမှာ ခြေထောက်ဖြင့် ဝိုင်းကန်ကျောက်ခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓားထိုးမှုကျူးလွန်ခဲ့သူ ပါပန်ကွန် သည် ယခင်ကခိုးမှုဖြင့် ထောင်ကျခဲ့ဖူးပြီး ပြီးခဲ့သည့်လကပင်ထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား – Bangkok Post
Ref; Four teens held in killing of Myanmar worker in Nakhon Ratchasima