ဧရာဝတီတိုင်းမ်
‎မေ ၂၃ ရက်
‎

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ရှစ်လေးလုံးအရေးတော်ပုံမှသည် ၂၀၂၁ နွေဦးတော်လှန်ရေးအထိ တော်လှန်ပါဝင်သူ ဦးမင်းကိုနိုင်ကို ယခုနှစ်၏ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင်းခဲ့ကြောင်းသိရသည်။
‎

၂၀၂၆ ခုနှစ် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကို မေ ၂၃ ရက်‌တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပရာ ယင်းအခမ်းအနားတွင် ကြေညာလိုက်ခြင်းဖြစ်သည်။
‎

ဦးမင်းကိုနိုင်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် သိမ့်သိမ့်တုန်အောင်ကိုင်လှုပ်ပြောင်းလဲစေသော ရှစ်လေးလုံးအရေးတော်ပုံမှ နွေဦးတော်လှန်ရေးအထိတိုက်ပွဲရည်ပါဝင်သူ၊ စစ်ကျွန်မခံတွန်းလှန်၊ တိုက်ပွဲဝင်ကာပြည်သူနှင့်အတူတစ်သားတည်းရပ်တည်သူဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း၊ မဲဆောက်ဌာနခွဲ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ( ၂၀၁၆ – ၂၀၁၈ ) ဦးတင်မောင်လေး ( ခေါ်) ဦးကိုလေးက ပြောကြားသည်။

‎
ထို့ပြင်အကျဉ်းစံကာလနှစ်ပေါင်းများစွာ ယုံကြည်ချက်ခိုင်မာစွာနှင့် ပေးဆပ်ရဲရင့်သူ၊ ‌ယနေ့အချိန်ထိ ပြည်သူအတွက်အမှန်တရားကို မျက်နှာမူရပ်တည်နေသူဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
‎

ဦးမင်းကိုနိုင်သည် ရှစ်လေးလုံးလူထုလှုပ်ရှားမှုတွင် ထိပ်တန်းမှဦးဆောင်ပါဝင်သူဖြစ်ကာ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကိုတန်ဖိုးထားသူဖြစ်ပြီး ကဗျာ၊ ဝတ္ထုရေးသားခြင်းနှင့် ပန်းချီကို ခုံမင်သူတစ်ဦးဖြစ်သည်။
‎

ဦးမင်းကိုနိုင်သည် ၁၉၉၉ ခုနှစ်တွင် ကနေဒါနိုင်ငံကချီးမြှင့်သော John Humphrey လွတ်မြောက်ဆုကို ‎ ဒေါက်တာစင်သီတာမောင်နှင့် ပူးတွဲရရှိခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ချက်သမ္မတနိုင်ငံ People in Need Foundation ကပေးသော Homo Hominid ဆု၊ ၂၀၀၁ ခုနှစ်တွင် နော်ဝေနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ Train Foundation က လူမှုရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆု၊ ၂၀၁၅ ပြင်သစ်နိုင်ငံက National Order of Merit ဆုချီးမြှင့်ခံထားရကြောင်းသိရသည်။
‎

‎ဓာတ်ပုံ – လူမှုကွန်ရက်