ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ မေ ၂၃ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် မေ ၂၀ ရက်နေ့မှစတင်ကညာ စစ်တပ်ကစစ်ကြောင်းထိုးလာပြီးနောက် စံပြကျေးရွာနှင့် ကျေးပျက်ကျေးရွာ များတွင်အထိုင်ချကာ အနီးဝန်းကျင်ရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကြောင်းထိုးလာသည့် စစ်တပ်တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့မှလည်း ယမန်နေ့ မေ၂၂ ရက်နေ့တွင် ကျေးပျက်ကျေးရွာအနီး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း သိရသည်။
လက်ရှိ ယနေ့ မေ၂၃ ရက်နေ့တွင်လည်း ရွေးတုအစိုးရလက်အောက်ခံ ခမရ-၆ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး သရက်နှစ်ဖျားလိမ်ကျေးရွာကိုလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အစကတော့ သူတို့စကစတွေက ပြည်သူတွေကိုမပြေးနဲ့ပြေးတဲ့လူပစ်သတ်မယ်၊ ဘာမမလုပ်ဘူး၊ သန်းခေါင်စာရင်းလုပ်ပေးဖို့လာတာလို့ပြောတော့ မပြေးကြဘူး။ ပြီးတော့မှသူတို့ကစံပြရွာနဲ့ ကျေးပျက်ရွာနှစ်ရွာကနေ ညှပ်ပြီးအုတ်ဖိုမြို့နယ်မှာရှိတဲ့ ကျေးရွာတွေဘက်ကိုချိန်ပြီး လက်နက်ကြီးတွေနဲ့ထုတော့ပြည်သူတွေပြေးရတာပါ။ ညကတော့တိုက်ပွဲပြင်းထန်ပါတယ်” ဟု အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှာ ကျေးပျက်ရွာနဲ့ စံပြရွာတို့တွင် အထိုင်ချကာ ကြို့ကိုးပင်၊မအူတန်း၊ ကိုင်းကြီး၊ ရှားစေးဘို စသည့်များကို လက်နက်ကြီးများဖြင့် နှစ်ဖက်ညှပ်ပစ်နေပြီး ချောင်းဂွရွာတွင်လည်း ဒရုန်းဗုံးကြဲချမှုများကြောင့် နေအိမ်မီးလောင်မှုများရှိခဲ့ကြောင်း သိရသည်။
စစ်တပ်ကစစ်ကြောင်းဖြန့်ကာ စစ်ကြောင်းထိုးနေမှုများေကြာင့်လည်း အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ဝန်းကျင်မှ ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းနေရပြီး မိုးရာသီကာလဖြစ်သည့်အတွက်လည်း စစ်ရှောင်များအနေဖြင့် အရေးပေါ်နေရာထိုင်းခင်းနှင့် အကူအညီများလိုအပ်လျက်ရှိကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့