ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
လက်ရှိအွန်လိုင်းပေါ်တွင်နာမည်ကြီးနေသော အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်တူသည့် ရွှေဝါရောင်အမွေးအမှင်များဖားလျားကျနေသည့်ရှားပါးအယ်လ်ဘီနိုကျွဲဖြူလေးကို ဒေါ်နယ်ထရန့်ဟုနာမည်နောက်ပြောင်ပေးထားကာ အီးဒ်နေ့အတွက် ရောင်းချပြီးသားဖြစ်ကြောင်း သိရသည်။
လာမည့် မေ ၂၈ ရက် အီးဒ်နေ့သည် အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဥပုသ်ဝါကျွတ် အထိမ်းအမှတ်နှင့် ဘုရားသခင်ကိုကျေးဇူးဂုဏ်ပြုသောပွဲတော်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒေါ်နယ်ထရန့်ကျွဲဖြူတစ်ကောင်သည် အိဒ်အလ်အာဒ်ဟာ (Eid al-Adha) ပွဲတော်မတိုင်မီ မထင်မှတ်ဘဲရေပန်းစားကျော်ကြားလာခဲ့ပြီး သွင်ပြင်လက္ခဏာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အလွန်တူညီသည်ဟုပြောဆိုကြ၍ စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်လျက်ရှိကြောင်း Reucters သတင်းတွင်ဖော်ပြထားသည်။

“ဒီကျွဲလေးက နေ့တိုင်း ထူးထူးခြားခြား ဂရုစိုက် စောင့်ရှောက်ဖို့ လိုပါတယ်။ အခုတော့ ဒီကျွဲကို အီးဒ် (Eid) ပွဲတော်အတွက် ဝယ်သူဆီ အရောက်ပို့ပေးပြီးပါပြီ” ဟု ခြံပိုင်ရှင် ဇီယာဥဒ်ဒင် မရီဒါ (Ziauddin Mridha) က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအနီးရှိ နာရာယန်ဂန့်ဂ် (Narayanganj) ခရိုင်ရှိ မွေးမြူရေးခြံတစ်ခုတွင် မွေးမြူထားသည့် အလေးချိန် ကီလိုဂရမ် ၇၀၀ နီးပါး (၁,၅၄၀ ပေါင်) ရှိသော အဆိုပါကျွဲကြီး၏ နဖူးပေါ်တွင် ဝါဖျော့ဖျော့အမွေးအမှင်များ စုပြုံကျနေမှုကြောင့် ၎င်းကို “ဒေါ်နယ်ထရမ့်” ဟု အမည်ပြောင်ပေးထားကြသည်။
“သူ့နဖူးပေါ်က အမွေးတွေက ဒေါ်နယ်ထရန့်နဲ့ တူနေလို့ ကျွန်တော့်ညီက ဒီကျွဲကို ဒေါ်နယ်ထရန့်လို့ နာမည်ပေးခဲ့တာပါ” ဟု ခြံပိုင်ရှင် Ziauddin Mridha က ပြောသည်။
အမည်းရောင်အဆင်းရှိသော ကျွဲအများစုသာရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်တွေ့ရကာ ယခုကဲ့သို့ အယ်လ်ဘီနို (Albino) ကျွဲဖြူမျိုးမှာ အလွန်ရှားပါးသည်ဟု သတ်မှတ်ကြသည်။
မွတ်စလင်တို့၏ ရိုးရာအစဉ်အလာအရ တိရစ္ဆာန်များကို ယဇ်ပူဇော်လေ့ရှိသည့် အိဒ်အလ်အာဒ်ဟာ (Eid al-Adha) ပွဲတော်အတွက် ပြင်ဆင်ထားသည့် ထောင်သောင်းချီသော ကျွဲနွားများအနက် ထိုကျွဲလေး၏ ကိုယ်ထည်၊ ပန်းရောင်နှာခေါင်းနှင့် ရှည်လျားသော ရွှေဝါရောင်အမွေးအမှင်များက သိသာထင်ရှားစွာ ပေါ်လွင်နေကြောင်းဖော်ပြထားသည်။
ယခုကျွဲလေးမှာမူ ဒေါ်နယ်ထရန့်နှင့် တူညီသောအသွင်အပြင်ရှိခြင်း၊ ကြီးမားသည့် အရွယ်အစားနှင့် ယဉ်ပါးသိမ်မွေ့သည့် အမူအကျင့်တို့ကြောင့် ယခုနှစ်၏ လူအစည်ကားဆုံး ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့သည်။
မွတ်စလင်အများစုရှိရာ အဆိုပါနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်းကလည်း ထူးထူးခြားခြား ကြီးမားလွန်းသည့် သို့မဟုတ် ထူးခြားသည့် သွင်ပြင်လက္ခဏာရှိသည့် တိရစ္ဆာန်များသည် အီးဒ်ပွဲတော်၏ အွန်လိုင်းဆယ်လီ (Viral) များအဖြစ် လူကြိုက်များလာခဲ့ပြီး ဝယ်သူများနှင့် လာရောက်ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ရန်အတွက် ကျော်ကြားသူများ၏ အမည်များကို မှည့်ခေါ်လေ့ရှိကြသည်။
ဓာတ်ပုံ/ ကိုးကား – Reuters
Ref : Bangladesh’s rare ‘Donald Trump’ buffalo becomes Eid Sensation