ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

မြန်မာ့အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနှင့် အကျိုးအကြောင်းခိုင်လုံခြင်းမရှိဘဲ အလျင်စလို ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ရပ်တန့်စေမည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၌ “လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့် ယခုရက်အတွင်း ကျင်းပသည့် တံခါးဖွင့်ဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ထည့်သွင်း ဆွေးနွေးပြီး စစ်အုပ်စုကို ထိရောက်သော ဖိအားပေး အရေးယူမှုများ ချမှတ်လုပ်ဆောင်ရန် တင်ပြခဲ့ကြောင်း သိရသည်။

“စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ပြောကြားမှုတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားပြည်သူနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို ဟန့်တားနိုင်ခဲ့ခြင်း မရှိဘူး” ဟု ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

အဆိုပါတံခါးဖွင့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၉၆) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအရ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာက ကတိပြုထားမှုများနှင့် မြေပြင်အခြေအနေ ကွာဟချက်မှာ ပိုမိုကြီးထွားလာကြောင်း သိရသည်။

ထို့အပြင် ကုလအစီရင်ခံစာများအရ ၂၀၂၅ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားပြည်သူ သေဆုံးမှု (၃၇,၀၀၀) ကျော်ရှိပြီး ယခုနှစ် ပထမခြောက်လအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းမှု အသစ်များ၏ (၆၅) ရာခိုင်နှုန်းသည်လည်း မြန်မာအပါအဝင် နိုင်ငံ ငါးနိုင်ငံတွင် ဖြစ်ပွားသော ပဋိပက္ခများကြောင့်ဖြစ်ဟု သိရသည်။

လက်ရှိတွင် စစ်အုပ်စုသည် ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းထားမှုမှာ အဖွဲ့အစည်းဆိုင်ရာ (သို့မဟုတ်) စနစ်တကျ နိုင်ငံရေးပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်နေခြင်း မဟုတ်သကဲ့သို့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်မှန်သော ကတိကဝတ်ရှိကြောင်းကိုလည်း ညွှန်ပြနေခြင်းမဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

အလားတူ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၂၈၆ (၂၀၁၆) ချမှတ်ခဲ့သည်မှာ ဆယ်နှစ်ပြည့်ပြီဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများသည် ပဋိပက္ခများစွာ၌ ဆက်လက်တွေ့မြင်နေရဆဲဖြစ်ပြီး ကုလအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ပြတ်သားစွာ လုပ်ဆောင်ရန် ၎င်းက တောင်းဆိုသည်။

ပဋိပက္ခအခြေအနေတစ်ခုတွင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းသည် အခြားပဋိပက္ခများ၌ ပြစ်မှုကျူးလွန်သူများကို ပိုမိုအတင့်ရဲလာစေနိုင်ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ မည်သို့ပင်ရှိစေကာမူ ပဋိပက္ခအခြေအနေအားလုံးတွင် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးကို ထိန်းသိမ်းမြှင့်တင်ရန် တာဝန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်အုပ်စုကြောင့် ပြည်သူ ၈,၀၀၀ ကျော် သေဆုံးပြီး ပြည်သူ ၃.၆ သန်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရကာ ပြည်သူ ၂၂ သန်းနီးပါးသည်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကထုတ်ပြန်ထားသည်။

ယင်းအပြင် အကြမ်းဖက်မှုအမျိုးမျိုးကို ခွဲခြားမှုမရှိ ကျူးလွန်နေခြင်းသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂)၊ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ အပါအဝင် ကုလဆုံးဖြတ်ချက်များနှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို သိသာမြင်သာစွာ ချိုးဖောက်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ ထပ်တလဲလဲ ချိုးဖောက်မှုများအပေါ် လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်တရပ် ချမှတ်သွားရန်၊ လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်း၊ နည်းပညာများ စသည်တို့ စီးဆင်းရောက်ရှိမှုကို တားဆီးသွားရန် လိုအပ်သည်ဟုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုခဲ့သည်။

ဓာတ်ပုံ-NUG