ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံနဲ့ပဋိပက္ခကို ဖြေရှင်းဖို့ နောက်ဆုံးမိနစ် သံတ မန်ရေးရာ ကြိုးပမ်းမှုတွေသာ မအောင်မြင်ရင် အီရန်အပေါ် စစ်ရေးအရ အသစ်တဖန် ပြန်လည်ဗုံးကြဲ တိုက်ခိုက်ဖို့ အလေးအနက် စဉ်းစားနေတယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Axios သတင်းဌာနက ဖော်ပြပါတယ်။

ဒီလို စစ်ရေးအရ တိုက်ခိုက်ဖို့အခြေအနေဟာ ဒေါ်နယ်ထရမ့်က သောကြာနေ့မနက်ပိုင်းမှာ အမျိုး သားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အဖွဲ့ဝင်တွေနဲ့ အီရန်ပဋိပက္ခ နောက်ဆက်တွဲအခြေအနေတွေကို ပြန် လည်သုံးသပ်ဖို့ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်၊ စီအိုင်အေ ညွှန် ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖ်နဲ့ အိမ်ဖြူတော်ရုံးအဖွဲ့မှူး ဆူဇီဝိုင်လ်စ်တို့အပါအဝင် အဆင့်မြင့်အရာရှိကြီး တွေ တက်ရောက်ခဲ့ပြီး လက်ရှိဆွေးနွေးပွဲတွေရဲ့ အခြေအနေနဲ့ စစ်ရေးအရ အရေးပေါ်တုံ့ပြန်မယ့် အစီအ စဉ်တွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။

အီရန်အစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက ဆွေးနွေးပွဲတွေ ဆက်လုပ်နေတာ မှန်ပေမဲ့ သဘော တူညီချက်ရဖို့တော့ အလှမ်းဝေးနေသေးတယ်လို့ ဖော်ပြကြပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ ပတ်သက်နေတဲ့ Tasnim သတင်းဌာနရဲ့ ဖော်ပြချက် အရ အငြင်းပွားဖွယ်ကိစ္စတွေကို ဆက်လက်ဆွေးနွေးနေပြီး လက်ရှိမှာ စစ်ပွဲအဆုံးသတ်ဖို့ ကိစ္စတစ်ခု တည်းကိုပဲ အဓိကထား ညှိနှိုင်းနေကြတာကြောင့် အပြီးသတ်ရလဒ် မထွက်သေးဘူးလို့ ဆိုပါတယ်။

အီရန်အစိုးရဟာ ဒီအပတ်အစောပိုင်းက အမေရိကန်ဘက်က ပို့လိုက်တဲ့ အဆိုပြုချက်အသစ်ကို ပြန်လည်သုံးသပ်နေကာ ဒီအဆိုပြုချက်ဟာ အမေရိကန်ဘက်က နောက်ဆုံးကမ်းလှမ်းချက်ဖြစ်ပြီး အ ကယ်၍ ငြင်းပယ်ရင် စစ်ရေးအရ ပြန်လည်တိုက်ခိုက်တာ ခံရနိုင်တယ်လို့ သတိပေးထားကြောင်း Axios က ဆိုပါတယ်။

အိမ်ဖြူတော်မှာတော့ သံတမန်ရေးရာ ဆွေးနွေးမှုတွေ နှောင့်နှေးနေတဲ့အပေါ် စိတ်ပျက်မှုတွေ မြင့်တက်နေပြီး ဒေါ်နယ်ထရမ့်ရဲ့ သဘောထားကို သိတဲ့သူနှစ်ဦးရဲ့ ပြောပြချက်အရ သမ္မတဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ခဲ့ပေမဲ့ အခုအခါမှာတော့ အီရန်ရဲ့ ဆွေးနွေးညှိနှိုင်းမှု ပုံစံအပေါ် စိတ်မရှည် ဖြစ်လာနေတယ်လို့ သိရပါတယ်။

ဒီအပတ်အစောပိုင်းမှာ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို သံတမန်ရေးရာ နည်းလမ်းနဲ့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးချင်သေးတယ်လို့ ပြောခဲ့ပေမဲ့ ကြာသပတေးနေ့ညပိုင်းမှာ အီရန်ကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးမယ့်ဘက်ကို ပိုပြီးယိမ်းလာခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဒီပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ပြီး သူကိုယ်တိုင် အောင်ပွဲခံနိုင်ဖို့အတွက် နောက်ဆုံးပိတ် အပြတ်အသတ် စစ်ဆင်ရေးတစ်ခု လုပ်ဖို့အထိပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – India Today
Ref; Trump ‘seriously considering’ fresh strikes on Iran amid faltering truce talks