နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
အာဏာသိမ်းပြီးနောက် တပ်အင်အား လိုအပ်ချက်အတွက် ဖမ်းဆီးစုဆောင်းနေသော ပြည်သူ့စစ်မှုထမ်းဆင်း လူငယ်တချို့ကို သတ်မှတ်ကာလ ပြီးဆုံး၍ အိမ်ပြန်ခွင့် ပြုနေသည်ဟု ရွေးတုအစိုးရက ဝါဒဖြန့်နေသော်လည်း ထိခိုက်သေဆုံးနှင့် ကျန်သူများ အခြေအနေအား ဖုံးကွယ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စတင်အသက်သွင်း ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်သင်တန်း အပတ်စဉ် (၂) အထိ သတ်မှတ်စစ်မှုထမ်းကာလ ထမ်းဆောင်ပြီးသူများကို အသိအမှတ်ပြု လက်မှတ်များနှင့်အတူ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနေဟု ရွေးတုအစိုးရက ထုတ်ပြန်လျက်ရှိသည်။
သို့သော် အပတ်စဉ် (၁) နည်းတူ အရေအတွက် အတိအကျအား ဖော်ပြခြင်းမရှိဘဲ ၎င်းတို့ဝါဒဖြန့်မှုနှင့် စစ်လော်ဘီများ၏ ထုတ်လွှင့်ချက်အရ လူငယ်တချို့သာ တွေ့ရှိရသလို ယင်းတို့မှာလည်း နောက်ချန်အင်အားအဖြစ် တာဝန်ယူရသူ၊ တပ်အထိုင်နှင့် တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ လူငယ်များဖြစ်ကြောင်း သိရသည်။

ရွေးတုအစိုးရသည် ခုခံတော်လှန်မှုများကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်ပျက်စီးနေသော ၎င်းတပ်အင်အားများကို တိတိကျကျ ကိုင်တွယ်နိုင်ခြင်း မရှိသဖြင့် သတ်မှတ်ကာလ ပြီးဆုံးသည့်တိုင် ပြည်သူ့စစ်မှုထမ်း အရေအတွက်အား မဖော်ပြနိုင်ဘဲ ဝါဒဖြန့်လာခြင်းဖြစ်ဟု CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြသည်။
“သူတို့ကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ဝါဒဖြန့်ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်လာတာ တွေ့ရတယ်။ နောက်ပြီး ထိခိုက်သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဘာမှဖြစ်လာတာ မတွေ့ရဘဲ မသေမပျောက် ဖြစ်လာသူလောက်သာ အလုပ်အကိုင် ရှာပေးမယ်ဆိုတဲ့ မက်လုံးမျိုး ပေးတာပေါ့” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။
ထို့အပြင် သတ်မှတ်စစ်မှုထမ်းကာလ (၂) နှစ်ပြည့်သူများကို အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ ရပ်ရွာများတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များအား ကူညီဆောင်ရွက်၍ ချိတ်ဆက်ပေးမည်ဟုလည်း ရွေးတုအစိုးရက ဆိုထားသည်။

လက်တွေ့၌မူ ပြည်သူ့စစ်မှုထမ်း ပြီးဆုံးသူများအား အလုပ်အကိုင် အခွင့်အလမ်းအဖြစ် လုံခြုံရေးအလုပ်သာ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများက ခေါ်ယူခန့်အပ်သည်ကို တွေ့ရှိရပြီး ဆုကြေးငွေနှင့် အကျိုးခံစားခွင့်သည်လည်း ရွေးတုအစိုးရ ဝါဒဖြန့်နေသလို မဟုတ်ကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ရွေးတုအစိုးရသည် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) တစ်ခုလျှင် လူငယ်ဦးရေ (၅၀၀၀) ဦးခန့် အနည်းဆုံး စုဆောင်းနေပြီး ထိခိုက်သေဆုံးနှင့် ထွက်ပြေးမှုများကြောင့် ယခင်အပတ်စဥ် (၁) ဆင်း၌ပင် လူငယ် (၃,၀၀၀) ကျော် ပျောက်ဆုံးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)ထံက သိရသည်။
“အခုရက်ပိုင်းတွေမှာ စစ်မှုထမ်းဆောင်ပြီးသူတွေကို အလုပ်အကိုင် ခေါ်ယူနေတယ်ဆိုတဲ့ ပုံစံမျိုး၊ အစိုးရဌာနတွေမှာ ခန့်ထားမယ်ဆိုတဲ့ သတင်းမျိုးတွေ ဝါဒဖြန့်လာတာ ပိုတွေ့လာရပါတယ်” ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ထောက်ပြသည်။
ယင်းအပြင် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ လူငယ်များနှင့် မိသားစုဝင်များကို မက်လုံးပေး ချွေးသိပ်သည့်အနေဖြင့် ရွေးတုအစိုးရက ရာခိုင်နှုန်း အနည်းစုအား သန္ဓေတပ်သားနည်းတူ ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်စည်းရုံးနေကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်ပါ အခန်း (၉) စစ်စည်းရုံးခြင်းတွင် နိုင်ငံဒေသအချို့နှင့် နိုင်ငံတဝန်း အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် စစ်မှုထမ်းရန် အရွယ်ရောက်သူ အားလုံး/အချို့ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်း ပြီးဆုံးသူ အားလုံး/အချို့ဖြစ်စေ ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအတွက် သင့်လျော်သော ဒေသတွင် စစ်စည်းရုံးခြင်း အမိန့်ထုတ်ဆင့်သည့်အခါ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ပစဆင်းလူငယ်များ ဆက်လက်တာဝန် ထမ်းရဦးမည့် သဘောဖြစ်နေသည်။
လက်ရှိတွင် ရွေးတုအစိုးရသည် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်း မရှိသေးသော ဒေသများကို အရေးပေါ် အခြေအနေ သတ်မှတ်၍ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ရေးထိုးစစ် တိုးမြှင့်တိုက်ခိုက်နေသလို အရွယ်ရောက်သူ လူငယ်များအား အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ တပ်သားသစ် စုဆောင်းနေကြောင်း သိရသည်။
ဓာတ်ပုံ-MOI