ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင်လူနာတင်ယာဉ်သည် ယာဉ်နှစ်စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း မြို့နယ်မီးသတ်ထံမှ သိရသည်။

 

ယမန်နေ့ မေ ၂၂ ရက်၊ နံနက် ၁၀ နာရီကျော်ခန့်တွင်ကျောင်းကုန်းနှင့် ဒါးကအကြား မိုင်တိုင်အမှတ် (၈၂) မိုင်အကျော်တွင် လူနာတင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောမှ အိုးဝေကို ဝင်တိုက်ပြီးနောက် ခရီးသည်တင်မှန်လုံယာဉ်ကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လူနာတင်ယာဉ်မောင်းသူမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အိုးဝေမောင်းသူမှာ ပုသိမ်ဆေးရုံကြီးအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အမျိုးသား သုံး ဦးနှင့် အမျိုးသမီး တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြသည်။