ဧရာဝတီတိုင်းမ်
‎မေ ၂၂ ရက်
‎

ရဝမ်ဒါနိုင်ငံက ကျောထောက်နောက်ခံပြုထားသော M23 လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားရာ ကွန်ဂိုနိုင်ငံတောင်ပိုင်း ကီဗူး ပြည်နယ် အရှေ့ပိုင်းဒေသသို့ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ရောက်ရှိ သွားပြီဖြစ်ကြောင်း သိရသည်။
‎

ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုတွင် ဖြစ်ပွားနေသော အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုသည် M23 လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားရာ တောင်ပိုင်း ကီဗူး (South Kivu) ပြည်နယ် အရှေ့ပိုင်းဒေသသို့ ကူးစက်ရောက်ရှိသွားပြီဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အီဘိုလာပိုး ပိုမိုပြန့်ပွားလာမည်ကို စိုးရိမ်မှုမြင့်တက်လာကြောင်း AP သတင်းတွင်ဖော်ပြထားသည်။

‎
တောင်ပိုင်းကီဗူးရှိ ကာဘာရီ (Kabare) နယ်မြေတွင် “ပိုးတွေ့လူနာအသစ်တစ်ဦး” ရှိကြောင်း စစ်ဆေးမှုများအရ အတည်ပြုနိုင်ခဲ့သည်ဟု M23 ပြောရေးဆိုခွင့်ရှိသူ လောရန့်စ် ကန်ယူကာ က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
‎

M23 အဖွဲ့သည် ရဝမ်ဒါနိုင်ငံ၏ အကူအညီဖြင့် တွင်းထွက်သယံဇာတ ကြွယ်ဝသော အရှေ့ပိုင်းဒေသရှိ မြေနေရာအမြောက်အမြားကို သိမ်းပိုက်ပြီးနောက် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် ပြိုင်ဘက်အုပ်ချုပ်ရေးယန္တရားကို ထူထောင်ထားသည်။
‎

အဆိုပါလက်နက်ကိုင်အဖွဲ့သည် လွန်ခဲ့သည့် ရာစုနှစ်ဝက်အတွင်း အာဖရိကတွင် လူပေါင်း ၁၅,၀၀၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့သည့် အီဘိုလာကဲ့သို့သော ပြင်းထန်သည့် ကပ်ရောဂါဆိုးမျိုးအား တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို တစ်ကြိမ်တစ်ခါမျှ စီမံခန့်ခွဲခဲ့ဖူးခြင်း မရှိသေးကြောင်းသိရသည်။

‎
အမျိုးသားပြည်သူ့ကျန်းမာရေးဌာန (INSP) က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် သံသယဖြစ်ဖွယ်လူနာ ၆၇၁ ဦးနီးပါးအနက် ၁၆၀ ဦးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသည်ဟု သံသယရှိသည်။ ယင်းတို့အနက် အီဘိုလာပိုး တွေ့ရှိကြောင်း အတည်ပြုလူနာ ၆၄ ဦးရှိပြီး သေဆုံးသူ ၆ ဦး ရှိကြောင်း INSP က ပြောကြားခဲ့သည်။

‎
လက်ရှိ ကပ်ရောဂါအတွက် အဓိကတရားခံဖြစ်သည့် ဘွန်ဒီဘူဂျို (Bundibugyo) အီဘိုလာဗိုင်းရပ်စ် မျိုးကွဲအတွက်မူ ကာကွယ်ဆေး သို့မဟုတ် ဆေးဝါးကုသမှု တစ်စုံတစ်ရာ မရှိသေးပေ။

‎
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO )က အီဘိုလာရောဂါ ကူးစက်မှုအန္တရာယ်သည် ကွန်ဂိုနိုင်ငံ နှင့် အလယ်ပိုင်းအာဖရိက ဒေသတစ်ခုလုံးတွင် မြင့်မားနေသည်ဟု ယူဆသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်းသိရသည်။

‎
ဓာတ်ပုံ – AFP
‎ကိုးကား – AFP , Deadly DR Congo Ebola outbreak spreads to M23-held South Kivu