ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မေ၂၂ ရက်

 

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးတွင် ရွေးတုအစိုးရစစ်တပ်နှင့်ချင်းကာကွယ်ရေးတပ် ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကန်ပက်လက်မြို့ပေါ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်း၊ ဆောမြို့မှ ကန်ပက်လက်မြို့နယ်ကို စစ်ကြောင်း ထိုးလာသည့် စစ်တပ်နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့တို့သည် ယမန်နေ့ မေလ ၂၁ ရက်နေ့က ကန်ပက်လက်နှင့် ခြောက်မိုင်ကြားတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

 

“တိုက်ပွဲဖြစ်တဲ့နေရာက ကန်ပက်လက်နဲ့ ၆ မိုင်ကြားမှာ ဖြစ်ကြတာပါ။ မြို့နဲ့ ၂ မိုင် ၃ မိုင်လောက်ပဲ ဝေးတယ်။ အဲ့ဒီကြားထဲက အရပ်သားနေအိမ်တွေကိုလည်း စစ်တပ်စစ်ကြောင်းက မီးတွေရှို့တယ်”ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ထိုသို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ယမန်နေ့ မေ ၂၁ ရက်နေ့နှင့် ယနေ့ မေ ၂၂ ရက်နေ့တို့တွင် ကန်ပက်လက်မြို့ နှင့် မြို့အနီးအနား ပတ်ဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“မနေ့က ကန်ပက်လက်မြို့အနီးမှာ ဗုံးကြဲချသွားတယ်။ ဒီနေ့နံ မနက် ၂ နာရီလောက်မှာလည်း မြို့ထဲကို လေး ကြိမ်လောက် ဗုံးထပ်ကြဲသွားတယ်။ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး”ဟု ကန်ပက် လက်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် ယနေ့ မေလ ၂၂ ရက်၊ နေ့လယ်ပိုင်းအထိ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကော်မရှင်တပ်၏ ကင်း ထောက် လေယာဥ်များ ပျံဝဲနေကြောင်း သိရသည်။

 

ကန်ပက်လက်မြို့ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ချင်းကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ပြင်းထန် နေသည့်အတွက် ပြည်သူများအနေဖြင့် မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး စစ်ရှောင်ကြရန် ဒေသခံ များအချင်းချင်း တိုက်တွန်းပြောဆိုမှုများရှိသည်။

 

ပုံစာ-ကန်ပက်လက်မြို့ကိုတွေ့ရစဉ်။